အင်ဒိုနီးရှားနိုင်ငံ အနောက်နူဆာတင်ဂါရာပြည်နယ်ရှိ Rinjani တောင်သို့ တက်ရောက်ရာ ဆီနာရုလမ်းကြောင်း ပြန်လည်ဖွင့်လှစ်

 


ဂျကာတာ   အောက်တိုဘာ   ၄

အင်ဒိုနီးရှားနိုင်ငံ အနောက် နူဆာတင်ဂါရာပြည်နယ်ရှိ Rinjani တောင်သို့ တက်ရောက်ရာ ဆီနာရုလမ်းကြောင်းကို  ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း Rinjani တောင် အမျိုးသားဥယျာဉ်ဌာနက   ပြောကြားခဲ့သည်။

အဆိုပါလမ်းကြောင်းကို တောမီးလောင်ကျွမ်းမှုကြောင့် ပိတ်သိမ်းခဲ့သည်။

မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခြင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်း၍   ဘေးကင်း လုံခြုံမှုဆိုင်ရာ အကဲဖြတ်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် စနေနေ့တွင် အဆိုပါလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်း ဥယျာဉ်တာဝန်ရှိသူ  အက်စတီကီတာ အာဒီဆီတိုက ပြောကြားခဲ့သည်။

မီးငြှိမ်းသတ်ပြီးစီးကြောင်း အတည်ပြုချက်ရရှိပြီး  တောင်တက်ရာတွင်  အသုံးပြုသည့် အဆောက်အအုံများနှင့် အခြေခံအဆောက်အအုံများကို စစ်ဆေးပြီးနောက် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တောင်တက်သူများအနေဖြင့်  အွန်လိုင်းမှတစ်ဆင့် စာရင်းပေးသွင်းနိုင်ကြောင်း ၎င်းက   ဆက်လက်ပြောကြားခဲ့သည်။

ဆီနာရုလမ်းကြောင်းကို  ပြန်လည်ဖွင့်လှစ်လိုက်ခြင်းနှင့်အတူ Rinjani တောင်ပေါ်ရှိ  တောင်တက်လမ်းကြောင်း   ငါးခု စလုံး ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း ၎င်းက  ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၂ ရက်က Torean အပန်းဖြေဧရိယာရှိ Setampol တောင်ကုန်းတွင် စတင်ဖြစ်ပွားခဲ့သော မီးလောင် ကျွမ်းမှုကြောင့် စက်တင်ဘာ ၂၉ ရက်အထိ ဧရိယာ ဟက်တာ ၁၀၉၈ ခန့် ထိခိုက်ပျက်စီးခဲ့ပြီး မီးပြန်လည်လောင်ကျွမ်းမှုမရှိစေရေးအတွက် ဒရုန်းဖြင့်စောင့်ကြည့်ခြင်းနှင့် ကင်းလှည့်စစ်ဆေးခြင်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။                          

ဆင်ဟွာ

No comments

Powered by Blogger.