နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများတွင် အခက်အခဲဒုက္ခများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိ




နေပြည်တော် အောက်တိုဘာ ၄


နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဒုက္ခများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံ သားများအား ကူညီကယ်ဆယ်ရေး၊ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် လိုအပ်သည့် ကောင်စစ်ဆိုင်ရာ ကူညီဆောင်ရွက်မှုများကို အစဉ်တစိုက် အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာအစိုးရ အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်မှုကြောင့် ပြစ်ဒဏ်များကျခံခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံရကာ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁၀၈၆ ဦးကို လူသားချင်းစာနာထောက်ထားမှုအရ နှစ်နိုင်ငံအစိုးရချင်းညှိနှိုင်းကာ မြန်မာ့တပ်မတော် ရေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် နိုင်ခဲ့သည်။


ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား တပ်မတော်လေယာဉ်၊ စင်းလုံးငှားလေယာဉ်၊ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း(MAI)နှင့် AirAsia လေယာဉ်များဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ လမှ စက်တင်ဘာလအထိ မြန်မာနိုင်ငံသားစုစုပေါင်း ၁၉၀၅ ဦးကိုလည်းကောင်း၊ အိန္ဒိယရေပိုင်နက် အတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အိန္ဒိယနိုင်ငံ ပို့ဘလဲမြို့၌ ထိန်းသိမ်းခံထားရသည့် မြန်မာ ရေလုပ်သား ၂၆ ဦးအား အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း(MAI)ဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်တွင်လည်းကောင်း ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီးဖြစ်သည်။


ယခုအခါ မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုနှင့် အခြားသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချိုးဖောက်ခဲ့မှုများကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများ တွင် ထိန်းသိမ်းခံထားသူများကို မြန်မာနိုင်ငံသား မှန်ကန်မှုရှိ/မရှိကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စိစစ်ဆောင်ရွက်ခဲ့သည်။ ထိုသို့ စိစစ်ဆောင်ရွက်ခဲ့ပြီး နောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံသားမှန်ကန်သူ ၈၀၄၁ ဦးကို လေယာဉ် ဖြင့် အပတ်စဉ် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်။ ထို့ပြင် လေယာဉ်စရိတ်မတတ်နိုင်သည့် မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁၄၇၆ ဦးအား မြန်မာ့တပ်မတော် (ရေ)မှ စစ်ရေယာဉ် (မုတ္တမ)၊ ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်)နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်) တို့ ဖြင့် ပြန်လည်ခေါ်ဆောင်လာရာ ယနေ့တွင် မြန်မာ နိုင်ငံသို့ ချောမောစွာရောက်ရှိခဲ့ကြသည်။


နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိအချိန်တွင် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည့်အားလျော်စွာ နိုင်ငံသားများအနေဖြင့် ပြည်တွင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ စသည့်စီးပွားရေးကဏ္ဍ များတွင် အလုပ်လုပ်ကိုင်ကြခြင်းဖြင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှု စွမ်းအားကို မြှင့်တင်နိုင်ပြီး မြန်မာနိုင်ငံသားများအနေဖြင့် ဂုဏ်သိက္ခာရှိပြီး လုံခြုံစိတ်ချရသည့် လူနေမှုဘဝကို ရရှိနိုင်မည်ဖြစ်သည်။


သို့ဖြစ်ရာ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင် လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် လူကုန်ကူး ပွဲစားများ၏ မက်လုံးပေးဆွဲဆောင်စည်းရုံးမှုများကို အယုံမလွယ်ကြရန်၊ တရားမဝင်နယ်စပ်ဂိတ်များမှ တစ်ဆင့် ပြည်ပသို့ တရားမဝင်ထွက်ခွာမှုများကို ရှောင်ကြဉ်ကြရန်နှင့် လူကုန်ကူးခံရမှုမရှိစေရေး သတိပြုဆင်ခြင်နိုင်ကြရန် သတိပေးနှိုးဆော်ထားသည်။


နိုင်ငံတော်အစိုးရသည် ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မည်သို့သော အခြေ အနေတွင်ဖြစ်စေ အခက်အခဲကြုံတွေ့လာပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားကူညီ စောင့်ရှောက်ပေးလျက်ရှိသည်။


သို့ဖြစ်ရာ နောင်တွင်လည်း ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲတစ်စုံ တစ်ရာကြုံတွေ့လာပါက မြန်မာသံရုံးများနှင့် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်သတင်းပို့ နိုင်ကြောင်းနှင့် မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရန် သက်ဆိုင်ရာနိုင်ငံ များနှင့်ချိတ်ဆက်၍ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.