ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဝေဟင်မှ ရှုခင်းများကြည့်ရန် မိုးပျံပူဖောင်းများ ပျံသန်းတော့မည်
ညောင်ဦး အောက်တိုဘာ ၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှုခင်းများကြည့်ရှုရန် အောက်တိုဘာလအတွင်း မိုးပျံပူဖောင်းများ စတင်ပျံသန်းကာ ပြည်တွင်းပြည်ပ ခရီးသွားများအား ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း Balloon Over Bagan နှင့် STT Balloon တာဝန်ရှိသူများထံမှ သိရသည်။
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ကောင်းကင်ယံမှ ရှုခင်းကြည့်ရှုနိုင်ရန် Balloon Over Bagan က အောက်တိုဘာ ၁၅ ရက်တွင် မိုးပျံ ပူဖောင်းများ စတင်ပျံသန်းသွားမည်ဖြစ်ပြီး STT Balloons က နိုဝင်ဘာလ ပထမပတ် တွင် စတင်ပျံသန်းကာ ပြည်တွင်း၊ ပြည်ပ ခရီးသွားများအား ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မိုးပျံပူဖောင်းများ စတင်မပျံသန်းမီ ပိုင်းလော့များ၊ မိုးပျံပူဖောင်း ဝန်ထမ်းများက လေကြောင်းတိုင်းတာခြင်းနှင့် ရာသီဥတုတိုင်းတာခြင်းများကို ကြိုတင် တိုင်းတာလေ့ရှိကာ လေကြောင်းတိုင်းတာခြင်းများအပေါ်မူတည်၍ မိုးပျံပူဖောင်းများကို ကျွမ်းကျင်ပိုင်းလော့များက ပျံသန်းကွင်း များမှ စတင်ပျံသန်းကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် မိုးပျံပူဖောင်းစီး၍ ရှေးဟောင်း အဆောက်အအုံများ၊ ဒေသပေါက်ပင်များနှင့် ဧရာဝတီမြစ်အလှ၊ နတ်သမီးကမ်းပါးအလှ၊ ကုန်းတော်ကြီးဘုရားအလှနှင့် တုရင်တောင် တန်းရှုခင်းများကို မိုးပျံပူဖောင်းစီး၍ ကြည့်ရှုခံစားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း

No comments