နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (ရန်ကုန်) တည်ဆောက်လျက်ရှိ



ရန်ကုန် အောက်တိုဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန (ရန်ကုန်) (Myanmar Arts Center-Yangon) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန (ရန်ကုန်) တည်ဆောက်ပြီးစီးပါက နိုင်ငံတကာမှလာရောက်သော ယဉ်ကျေးမှုပဒေသာကပွဲများ၊ ကဇာတ်၊ ပြဇာတ်နှင့် တေးဂီတသံစုံဖျော်ဖြေတီးခတ်မှုများ၊ တေးဂီတဆိုင်ရာဖျော်ဖြေမှုများ၊ အနုပညာနှင့်ဆက်စပ်သော ပန်းချီ၊ ပန်းပုဆိုင်ရာပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာဆိုင်ရာ ပညာပေးဟောပြောမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

အဆိုပါ အနုပညာဗဟိုဌာန တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးမှုအခြေအနေကို ယနေ့နံနက်ပိုင်းတွင် ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစဉ် အရည်အသွေးကောင်းမွန်စွာဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်ရေး လျာထားတည်ဆောက်ရန်၊ ပြည်တွင်းပြည်ပ ပညာရှင်များ၏အကြံဉာဏ်ရယူ၍ နိုင်ငံတကာဖျော်ဖြေပွဲများ၊ ကပွဲများ ကျင်းပပြုလုပ်နိုင်သည်အထိ အဆင့်အတန်းမီစွာ ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ကာလအမီတည်ဆောက်သွားရန် ဆွေးနွေးမှာကြားသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ Pan Pacific Yangon ဟိုတယ်၌ ကျင်းပသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးသို့ တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောင်းလဲလာသော ခရီးသွားများ၏ ရွေးချယ်မှုပုံစံများ၊ နည်းပညာတိုးတက်မှုများနှင့် ဈေးကွက်ပြိုင်ဆိုင်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ဆန်းသစ်တီထွင်မှုရှိရန်နှင့် အခြေအနေနှင့်အညီ ပြောင်းလဲနိုင်စွမ်းရှိရန် လိုအပ်ကြောင်း၊ အားလုံးလက်တွဲ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုရေရှည်တည်တံ့ခိုင်မာသော ခရီးသွားလုပ်ငန်းတစ်ရပ်ကို အောင်မြင်စွာတည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့အတူ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

 

ဆက်လက်၍ အသင်း၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ငွေစာရင်းရှင်းတမ်းများကို ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာကြသူများက ဆွေးနွေးအတည်ပြုခြင်း၊ ၂၀၂၆-၂၀၂၇ သက်တမ်းအတွက် အလုပ်အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ခြင်းတို့ ဆောင်ရွက်ကြကြောင်း သိရသည်။

သတင်းစဉ်

 

No comments

Powered by Blogger.