မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်၏ FEI 1* (One Star) Endurance Qualification 60 km (၆၀ ကီလိုမီတာ) ခရီးရှည်မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲ ကျင်းပ




နေပြည်တော် အောက်တိုဘာ ၃၁

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ FEI 1* (One Star) Endurance Qualification 60 km (၆၀ ကီလိုမီတာ) ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်ရှိ မြင်းစီးအားကစားကွင်း၌ ကျင်းပသည်။


အဆိုပါပြိုင်ပွဲသို့ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ အားကစားရေးရာဝန်ကြီးဌာနရှိ ဌာနခွဲများမှ လက်ထောက်အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ပြိုင်ပွဲတွင် သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ယူဆောင်ရွက်ကြမည့် ဒိုင်လူကြီးများ၊ တိရစ္ဆာန်ကုဆရာဝန် (Vet) အဖွဲ့နှင့် ပြိုင်ပွဲအထောက်အကူပြုအဖွဲ့များ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။


အရည်အချင်းစစ်ပြိုင်ပွဲကို အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက Flag-off အလံလွှင့်ပြီး မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က ခေါင်းလောင်းတီး၍ တစ်ပြိုင်တည်း တာလွှတ်ဖွင့်လှစ်ပေးသည်။


ယနေ့ ပြိုင်ပွဲ ပွဲစဉ်အဖြစ် (၆၀ ကီလိုမီတာ) ခရီးရှည်မြင်းစီး အားကစားအရည်အချင်းစစ် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အားကစားသမား ရှစ်ဦးသည် မြင်းရှစ်ကောင်၊ စုစုပေါင်းအတွဲ ရှစ်တွဲနှင့် (၄၀ ကီလိုမီတာ) ခရီးရှည်မြင်းစီးအားကစားအရည်အချင်းစစ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အားကစားသမားခြောက်ဦးသည် မြင်းခြောက်ကောင်၊ စုစုပေါင်း အတွဲခြောက်တွဲတို့ဖြင့် ပြိုင်ပွဲအား စတင်ယှဉ်ပြိုင်ကြသည်။


ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အားကစားသမားများနှင့် မြင်းများသတ်မှတ်ထားသည့် Water Point နေရာသို့ရောက်ရှိသည့်အခါ မြင်းများကိုရေလောင်းပေးခြင်း/ရေတိုက်ခြင်းတို့ ဆောင်ရွက်ကြသည်။


၆၀ ကီလိုမီတာ ပြိုင်ပွဲဝင်များသည် ပထမလမ်းပိုင်းအဖြစ် ၂၀ ကီလိုမီတာအတွက် ပထမအကြော့စီးနင်း၍ ပြိုင်ပွဲကွင်းနေရာသို့ ပြန်လည်ရောက်ရှိသတင်းပို့ခြင်း၊ သတ်မှတ်နေရာများတွင် မြင်းများအားရေလောင်းပေးခြင်း/ ရေတိုက်ခြင်း၊ တိရစ္ဆာန်ကုဆရာဝန် (Vet) အဖွဲ့က ပြိုင်ပွဲဝင်မြင်းများ၏ ကျန်းမာရေး၊ နှလုံးခုန်နှုန်းစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ ဒိုင်လူကြီးအဖွဲ့တို့က မြင်းများအား (အဝင်/အထွက်) မှတ်ပုံတင်စစ်ဆေးခြင်းတို့ ဆောင်ရွက်ကြသည်။

အလားတူ ဒုတိယလမ်းပိုင်းနှင့် တတိယလမ်းပိုင်းအဖြစ် ၂၀ ကီလိုမီတာနှစ်ကြော့အတွက် ပြိုင်ပွဲဝင်အားကစားသမားများနှင့် မြင်းများသည် သတ်မှတ်အချိန်တွင် ပြိုင်ပွဲ၏ တာလွှတ်နေရာများမှ ပြန်လည်ထွက်ခွာရာ သတ်မှတ်ထားသော Water Point နေရာသို့ ရောက်ရှိသည့်အခါ မြင်းများအား ရေလောင်းပေးခြင်း/ရေတိုက်ခြင်း ဆက်လက်ဆောင်ရွက်ပေးသည်။


(၆၀ ကီလိုမီတာ) ခရီးရှည်မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်အားကစားသမား ရှစ်ဦးနှင့် မြင်းရှစ်ကောင် စုစုပေါင်းအတွဲ ရှစ်တွဲအနက် အားကစားသမား ခုနစ်ဦးနှင့် မြင်းခုနစ်ကောင်၊ (၄၀ ကီလိုမီတာ) ခရီးရှည်မြင်းစီး အားကစားအရည်အချင်းစစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်အားကစား သမားခြောက်ဦးနှင့် မြင်းခြောက်ကောင်၊ စုစုပေါင်း အတွဲခြောက်တွဲအနက် အားကစား သမားလေးဦးနှင့် မြင်းလေးကောင်တို့သည် မြင်းစီးအားကစားကွင်းရှိ ပန်းဝင်ရန် သတ်မှတ်ထားသည့်နေရာ၌ ပန်းဝင်ကြသည်။


ဆက်လက်၍ ၆၀ ကီလိုမီတာနှင့် ၄၀ ကီလို မီတာ ခရီးရှည်မြင်းစီး အရည်အချင်းစစ်ပြိုင်ပွဲတွင် အောင်မြင်ခဲ့သည့် အားကစားသမားများနှင့် မြင်းများအား အရည်အချင်းစစ်ဆေးမှု အောင်မြင်ကြောင်း အောင်လက်မှတ်များ ပေးအပ်ပွဲကျင်းပရာ တိရစ္ဆာန်ကုဆရာဝန် ပါမောက္ခ ဒေါက်တာဝင့်ဥမ္မာကျော်က ပြိုင်ပွဲဝင်မြင်းများ၏ ဆေးစစ်ဆေးမှုရလဒ်များ၊ ပြိုင်ပွဲသုံးသပ်ချက်များကို ရှင်းလင်းပြောကြားသည်။


(၆၀ ကီလိုမီတာနှင့် ၄၀ ကီလိုမီတာ) ခရီးရှည် မြင်းစီးအားကစားအရည်အချင်းစစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်အားကစားသမား ၁၃ ဦးနှင့် မြင်း ၁၃ ကောင်ဖြင့် အတွဲ ၁၃ တွဲတို့အနက် (၆၀ ကီလိုမီတာ) ခရီးရှည်မြင်းစီး အားကစားအရည်အချင်းစစ် ပြိုင်ပွဲတွင် အရည်အချင်းစစ်ဆေးမှု အောင်မြင်ခဲ့သည့် အားကစားသမားများနှင့် မြင်းများဖြစ်ကြသည့် လင်းပြည့်သူနှင့် မြင်းအမည် ရတနာထွန်းတို့အတွဲ၊ ကျော်တိုးလင်းနှင့် မြင်းအမည် ဇယံထွန်းတို့အတွဲ၊ ထူးထက်လွင်နှင့် မြင်းအမည် မဟာထွန်းတို့အတွဲ၊ မြတ်သူထက်နှင့် မြင်းအမည် ဘဂျမ်းတို့အတွဲ၊ ဆက်ပိုင်ဖြိုးနှင့် မြင်းအမည် တွန်တိုတို့အတွဲ၊ အောင်ကျော်ဇင်နှင့် မြင်းအမည် စိန်စုမြတ်တို့အတွဲ၊ ရဲပိုင်ဦးနှင့် မြင်းအမည် သိဒ္ဓိထွန်းတို့အတွဲကိုလည်းကောင်း၊ (၄၀ ကီလိုမီတာ) ခရီးရှည်မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲတွင် အရည်အချင်းစစ်ဆေးမှု အောင်မြင်ခဲ့သည့် အားကစားသမားများနှင့် မြင်းများဖြစ်ကြသည့် မျိုးမြတ်အောင်နှင့် မြင်းအမည် အာသောဝဏ္ဏတို့အတွဲ၊ မျိုးသီဟအောင်နှင့် မြင်းအမည် ဇက်ကြားမတို့အတွဲ၊ သူရအောင်နှင့် မြင်းအမည် ဇယံမောင်တို့အတွဲ၊ ကျော်ဝင်းနိုင်နှင့် မြင်းအမည် ပီတိထွန်းတို့အတွဲကိုလည်းကောင်း အရည်အချင်းစစ်အောင်မြင်ခဲ့သည့် ပြိုင်ပွဲဝင်အားကစားသမားနှင့်မြင်း စုစုပေါင်းအတွဲ ၁၁ တွဲတို့ကို မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌက အရည်အချင်းစစ်အောင်လက်မှတ်များ ပေးအပ်ပြီး ပြိုင်ပွဲဝင်အားကစားသမားများနှင့် မြင်းများ၏ သက်လုံပိုင်း၊ ခံနိုင်ရည်ပိုင်းများနှင့် နည်းစနစ်ပိုင်းများ၊ ပြိုင်ပွဲဝင် အားကစားသမားတစ်ဦးချင်းစီ၏ အားသာချက်/အားနည်းချက်များ၊ ပြိုင်ပွဲယှဉ်ပြိုင်မှုအခြေအနေနှင့်စပ်လျဉ်း၍ ဆွေးနွေးအကြံပြုပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.