အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် အန္တရာယ်ရှိသဖြင့် ပီရူးနိုင်ငံရှိ ခရိုင်ပေါင်း ၁၃၈၀ တွင် အရေးပေါ်အခြေအနေ ကြေညာ
နိုဝင်ဘာ ၄
ပီရူးနိုင်ငံတွင် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နှင့် ဆက်စပ်သည့် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် နိုင်ငံတစ်ဝန်းရှိ ခရိုင်ပေါင်း ၁၃၈၀ တွင် ရက်ပေါင်း ၆၀ ကြာ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
အဆိုပါအရေးပေါ်အခြေအနေကြေညာချက်ကို ပီရူးနိုင်ငံ၏ တရားဝင်အစိုးရပြန်တမ်းဖြစ်သည့် El Peruano တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အရေးပေါ်အခြေအနေသတ်မှတ်ထားသည့်နေရာများတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အုပ်ချုပ်ရေးနယ်မြေ ၂၄ ခုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သီးခြားသတ်မှတ်ထားသော Callao ပြည်နယ်တို့ ပါဝင်သည်။
၎င်းတွင် Moquegua၊ Pasco၊ Piura၊ Puno၊ San Martin၊ Tacna၊ Tumbes နှင့် Ucayali ဒေသများလည်း ပါဝင်သည်။ ဒေသဆိုင်ရာနှင့် ဒေသန္တရအစိုးရအဖွဲ့များသည် အရေးပေါ်တုံ့ပြန် ဆောင်ရွက်မှုများကို ပူးပေါင်းညှိနှိုင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။
အဆိုပါ အစီအမံများတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေကို လျှော့ချရန် ချက်ချင်းဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အရေးပေါ်အခြေအနေများကို တုံ့ပြန်ကိုင်တွယ်ခြင်းနှင့် ဘေးဒဏ်ခံစားရသော ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပါဝင်မည်ဖြစ်ပြီး ဘေးအန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားသည့် လူမှုအသိုက်အဝန်းများကို ကာကွယ်ပေးရန် ရည်ရွယ်ထားသည်။
ကမ်းရိုးတန်းဒေသဆိုင်ရာ အယ်လ်နီညို ရာသီဥတုအခြေအနေ ဆက်လက်ဖြစ်ပေါ်နေခြင်းနှင့် အီကွေတာ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းတွင် ယင်းဖြစ်စဉ် ပိုမိုဖွံ့ဖြိုးလာခြင်းတို့ကြောင့် မိုးသည်းထန်စွာရွာသွန်းနိုင်ခြေ သိသိသာသာ မြင့်တက်လာနိုင်ကြောင်း၊ ဘေးအန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားသည့် ဒေသများတွင် အစိုးရအနေဖြင့် အရေးပေါ်ဝင်ရောက်ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ထိုအဖွဲ့က သတိပေး ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments