တောင်ငူမြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ နေပြည်တော်သို့ သွားရောက်လေ့လာ
တောင်ငူ နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်ကြီးကြပ်၍
တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့်
ယနေ့နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ
နေပြည်တော်သို့ သွားရောက်လေ့လာကြသည်။
သွားရောက်လေ့လာ
ထိုသို့ သွားရောက်လေ့လာကြရာတွင် တောင်ငူမြို့နယ်အတွင်းရှိ
အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ ၁၀၀ ၊ ဆရာ ဆရာမနှင့် အုပ်ချုပ်သူ ၁၁ ဦး စုစုပေါင်း ၁၁၁ ဦးသည် ယနေ့တွင်
မော်တော်ယာဉ် သုံးစီးဖြင့် နေပြည်တော်ရှိ မာရဝိဇယဘုရား၊ အမျိုးသားပြတိုက်၊ စစ်သမိုင်းပြတိုက်၊
သူရဲကောင်းဗိမာန်များသို့ သွားရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား ကျောင်းသူများသည်
မာရဝိဇယဘုရားကို ဖူးမြော်ကြည်ညိုကြပြီး အမှတ်တရဓာတ်ပုံ ရိုက်ကူးကြသည်။ ထို့နောက် အမျိုးသားပြတိုက်(နေပြည်တော်)သို့
သွားရောက် လေ့လာကြပြီး မြန်မာနိုင်ငံ၏ သမိုင်းမတင်မီခေတ်မှစ၍ ကျောက်ခေတ်၊ ကြေးခေတ်၊
သံခေတ်နှင့် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ အင်းဝ၊ ကုန်းဘောင် စသည့် ခေတ်အဆက်ဆက်မှ ရှေးဟောင်း
ပစ္စည်းများနှင့် အသုံးအဆောင်များ၊ ဘုရင်မင်းမြတ်များ၏ တော်ဝင်အသုံး အဆောင်များနှင့်
ရိုးရာအနုပညာလက်ရာများ၊ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးစုများ၏ ရိုးရာဝတ်စုံများ၊
ယဉ်ကျေးမှု ဓလေ့ထုံးတမ်းပစ္စည်းများ၊ မြန်မာပြည်တွင်း တွေ့ရှိရသည့် ကျောက်ဖြစ်ရုပ်ကြွင်းများနှင့်
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ ပြခန်းများကို လေ့လာမှတ်သားကြသည်။ ယင်းနောက်
ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့
ရောက်ရှိကြပြီး တပ်မတော်(လေ) ပြင်ပ ပြကွက်တွင် ခင်းကျင်းပြသထားသော တပ်မတော်လေယာဉ်များ၊
တပ်မတော် (ရေ) ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော စစ်ရေယာဉ်ပုံစံတူ မော်ဒယ်ပစ္စည်းများကို
စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။
ကြည့်ရှုလေ့လာ
ထို့နောက် တပ်မတော်စစ်သမိုင်း ပြတိုက်အတွင်း
ဆက်လက်လေ့လာကြရာတွင် မြန်မာ့တပ်မတော် မှတ်တမ်းဓာတ်ပုံများ၊ စစ်လက်နက်များနှင့် သမိုင်းမှတ်တမ်းပြတိုက်တို့ကို
ကြည့်ရှုလေ့လာကြရာ ပြတိုက်တာဝန်ရှိသူများက ရှင်းလင်း ဆွေးနွေးပြောကြားသည်။ ထို့နောက်
သူရဲကောင်းဗိမာန်သို့ သွားရောက် လေ့လာကြပြီး ညနေ ၄ နာရီခွဲအချိန်တွင် တောင်ငူမြို့သို့
ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
ဇော်ကိုကို(တောင်ငူ)

No comments