နိုင်ငံ့အားကစား အဆင့်မြင့်မားရေး ရေရှည်မျှော်မှန်းအကောင်အထည်ဖော်



နိုင်ငံတစ်နိုင်ငံ၏ အားကစားအောင်မြင်ရေးသည် ထိုနိုင်ငံ၏ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကိုဖော်ပြနိုင်ရေးအတွက် လွန်စွာအရေးပါသည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည်။


အားကစားသမားတစ်ဦးချင်းစီ၏ အောင်မြင်မှုနှင့် ထင်ပေါ်ကျော်ကြားမှုများသည် ကိုယ်စားပြုနိုင်ငံ၏ပုံရိပ်ကိုပါ မြှင့်တင်ပေးပြီး နိုင်ငံတကာအလယ်တွင် သိရှိလာစေသည်။ အားကစားအောင်မြင်မှုသည် နိုင်ငံသားများကြား စည်းလုံးညီညွတ်သော စိတ်ဓာတ်ကိုဖြစ်ပေါ်စေပြီး မျိုးချစ်စိတ်နှင့်ဇာတိမာန်ကို ထက်သန်လာစေသည်။ နိုင်ငံ၏အားကစားကိုမြှင့်တင်ခြင်းဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာကာ စိတ်ဓာတ်စည်းကမ်း ကောင်းမွန်သောနိုင်ငံသားများကို မွေးထုတ်ပေးနိုင်သည်။ အားကစားကဏ္ဍမြင့်မားသော နိုင်ငံများသည် နိုင်ငံတကာအသိုက်အဝန်းတွင် မျက်နှာပန်းလှပြီး လူမှုအဆင့်အတန်းမြင့်မားသည့်နိုင်ငံအဖြစ်ပါ သတ်မှတ်ခံကြရသည်။


“လက်ရှိအချိန်၌ နိုင်ငံတကာနှင့် ဒေသတွင်းအားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် မိမိတို့နိုင်ငံအနေဖြင့် အောင်မြင်မှုများနည်းပါးလျက်ရှိကြောင်း၊ နိုင်ငံ၏အားကစားသမိုင်းကို လေ့လာကြည့်မည်ဆိုပါက ၁၉၇၀ ပြည့်နှစ်ဝန်းကျင်တွင် အောင်မြင်မှုများစွာရရှိခဲ့ပြီး အရှိန်အဝါကြီးမားခဲ့သည့် အားကစားအဆင့်အတန်းကို ပိုင်ဆိုင်ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း” အောက်တိုဘာ ၂၈ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရ အဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကပြောကြားခဲ့ပြီး “နိုင်ငံ၏ အားကစားကဏ္ဍမြှင့်တင် ရေးကို လေ့ကျင့်ရေးဖြင့် ပြန်လည်တည်ဆောက်သွားကြရန်လိုပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း” ကိုလည်း ထည့်သွင်းမှာကြားခဲ့သည်။


နိုင်ငံအဆင့်အားကစားကဏ္ဍ မြင့်မားတိုးတက်ရေးသည် ရေရှည်စနစ်တကျ ရင်းနှီးမြှုပ်နှံမှုနှင့်အတူ မဟာဗျူဟာ မြောက်စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ရာ ရေရှည်မျှော်မှန်းချက်ရှိသော မူဝါဒများ၊ ဥပဒေမူဘောင်များချမှတ်ရေး၊ အားကစားကဏ္ဍအတွက် လုံလောက်သောဘတ်ဂျက်ရင်းနှီးမြှုပ်နှံမှုနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းပါဝင်လာအောင် စည်းရုံးလှုံ့ဆော်ရေး၊ နိုင်ငံတကာအဆင့်မီအားကစားကွင်းများ၊ အားကစားရုံများနှင့် လေ့ကျင့်ရေးစခန်းများဖြည့်ဆည်းပေးရေး၊ အားကစားကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အားကစားသမားများကြံ့ခိုင်မှု၊ အာဟာရဗေဒ၊ စိတ်ပညာနှင့်ဒဏ်ရာရရှိမှု ကုသခြင်း/ကာကွယ်ခြင်းတို့အတွက် ခေတ်မီအားကစားသိပ္ပံပညာများကို ထိရောက်စွာအသုံးပြုရေး၊ အားကစားသမားများ၏စွမ်းဆောင်ရည်နှင့် ပြိုင်ဘက်များ၏ အားသာချက်/အားနည်းချက်များကို နည်းပညာအချက်အလက်များဖြင့် စနစ်တကျခွဲခြမ်းစိတ်ဖြာလေ့ကျင့်ပေးရေး၊ အားကစားပြိုင်ပွဲများကို တစ်နှစ်ပတ်လုံး စနစ်တကျကျင်းပပေးခြင်းဖြင့် အမြဲအသင့်ရှိစေရေး၊ ပြည်ပလေ့ကျင့်ရေးနှင့် ဖိတ်ခေါ်ပြိုင်ပွဲများသို့ စေလွှတ်၍ နိုင်ငံတကာအတွေ့အကြုံများရရှိရေးတို့ကို ဆောင်ရွက်သွားရမည်ဖြစ်သည်။


အားကစားကဏ္ဍအောင်မြင်မှုအတွက် လေ့ကျင့်ရေးသည် စိတ်ကူးမျှော်မှန်းချက်များကို လက်တွေ့အကောင် အထည်ဖော်ပေးသည့် အဓိကအကျဆုံးသော အခန်းကဏ္ဍဖြစ်သည်။ ခိုင်မာသောမူဝါဒ၊ များပြားသည့်ဘတ်ဂျက်ခွဲ ဝေမှုများ၊ ပြီးပြည့်စုံသည့် အခြေခံအဆောက်အအုံများနှင့် အထောက်အကူပစ္စည်းများ စသည်ဖြင့် မည်မျှပံ့ပိုးစေကာမူ စနစ်ကျနသည့်လေ့ကျင့်ရေးမရှိပါက အောင်မြင်မှုရရန်မဖြစ်နိုင်သည်ဖြစ်ရာ အောင်ပွဲကို ရယူနိုင်သည့်အဆင့်အထိ ကြိုတင်ပြင်ဆင်လေ့ကျင့်ကြရမည်ဖြစ်သည်။ အားကစားသမားတစ်ဦး၏ အခြေခံ လိုအပ်ချက်များဖြစ်သော ခွန်အား၊ အမြန်နှုန်း၊ လျင်မြန် ဖျတ်လတ်မှုနှင့် သက်လုံတို့ကိုလည်းကောင်း၊ အားကစားနည်းအလိုက် လိုအပ်သောကျွမ်းကျင်မှု၊ နည်းစနစ်နှင့် ဗျူဟာများကိုလည်းကောင်း ကြိမ်ဖန်များစွာ ထပ်တလဲလဲလေ့ကျင့်ခြင်းဖြင့်သာ ရရှိနိုင်မည်ဖြစ်ပြီး ပြင်းထန်သည့်လေ့ကျင့်မှုများက အားကစားသမားများ၏ စိတ်ရှည်သည်းခံမှု၊ ဇွဲလုံ့လ၊ ကွင်းတွင်းကြုံရမည့် ဖိအားများကိုထိန်းချုပ်နိုင်သည့် စိတ်ဓာတ်ခွန်အားကို ရရှိစေသည်။ ထို့အပြင် ကောင်းစွာပြင်ဆင်လေ့ကျင့်ထားသည့် အားကစားသမားများသည် မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြသည်။


နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍအောင်မြင်ရေးအတွက် အားကစားကွင်းများ၊ အားကစားရုံများ၊ အထောက် အကူပြုပစ္စည်းများ စသည်တို့ကို ခေတ်နှင့်လျော်ညီစွာ အဆင့်မြှင့်တင်ဖြည့်ဆည်းပေးလျက်ရှိသလို ပြိုင်ပွဲများ၌ အောင်မြင်မှုရရှိလာသူများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးလျက်ရှိသည်။ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ရေးအတွက် တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းမှသည် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်၊ နိုင်ငံကိုယ်စားပြုအဆင့်အထိ မဆုတ်မနစ်သော ဇွဲလုံ့လဝီရိယတို့ဖြင့် ရေရှည်စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။    ။

No comments

Powered by Blogger.