လူ့အဖွဲ့အစည်း၏ကောင်းကျိုးများ သတင်းအချက်အလက်မှန်မှားခွဲခြား
၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှုဆိုင်ရာ ရက်သတ္တပတ်အခမ်းအနားကို အောက်တိုဘာ ၂၄ ရက်မှ ၃၁ ရက်အထိ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရက်သတ္တပတ်လှုပ်ရှားမှုအစီအစဉ်များ ဆောင်ရွက်ခဲ့သည်။ အဆိုပါလှုပ်ရှားဆောင်ရွက်မှုတွင် မြန်မာနိုင်ငံအနေဖြင့်လည်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါရက်သတ္တပတ်၏ ဆောင်ပုဒ်မှာ “တို့တစ်တွေအားလုံး ပါဝင်ကြပါစို့၊ ပြည်သူများအတွက် မီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှု” ဖြစ်သည်။ အဆိုပါဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့နှင့် နိုဝင်ဘာလပထမပတ်အတွင်း အသိပညာပေးလှုပ်ရှားဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်ခြင်း၏ အဓိကရည်ရွယ်ချက်သည် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအားလုံး မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှုရရှိစေရေးအတွက် ဆောင်ရွက်ခဲ့သည့် တိုးတက်အောင်မြင်မှု များကို အသိအမှတ်ပြုဂုဏ်ပြုရန်၊ အမျိုးသားအဆင့် စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများတိုးမြှင့်ရန်နှင့် အသိပညာပေးလုပ်ငန်းများကို ပိုမိုကျယ်ပြန့်လာစေရန် ကမ္ဘာတစ်ဝန်းရှိ သက်ဆိုင်သူများအား စည်းရုံးလှုံ့ဆော်ရန် အတွက်ဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူအားလုံး မီဒီယာနှင့်သတင်းအချက်အလက်များကို မှန်ကန်စွာ နားလည်သိရှိ အသုံးချနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အောင်မြင်မှုများကို အသိအမှတ်ပြုဂုဏ်ပြု သည့် ရက်သတ္တပတ်ကာလအဖြစ် လှုပ်ရှားဆောင်ရွက်ကြခြင်းဖြစ်သည်။
အဆိုပါလှုပ်ရှားဆောင်ရွက်မှုများကို မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ အဓိကအဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ပြည်သူများကြားတွင် ကျယ်ပြန့်စွာ ဆောင်ရွက်ကြရမည်ဖြစ်သည်။ အကြောင်းမှာ ပြည်သူများသည် သတင်းစားသုံးသူများဖြစ်သလို သတင်းမီဒီယာများသည် သတင်းဖြန့်ဝေကြသူများဖြစ်ကြသည်။ မှန်ကန်သောသတင်းအချက်များ၊ အကျိုးရှိသောသတင်းများကို မျှဝေပေးနိုင်မှသာ သတင်းစားသုံးမှုကောင်းမွန်ပြီး လူမှုအသိုက်အဝန်းများအားလုံး အေးချမ်းသာယာ ဝပြောမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် သတင်းမီဒီယာ အချက်အလက်များကို အချိန်အခါမရွေး၊ နေရာဒေသမရွေး အချိန်နှင့်တစ်ပြေးညီရနိုင်သည့် အိုင်တီနည်းပညာနှင့် မိုဘိုင်းဖုန်းသုံးစွဲမှုများ မြင့်မားတိုးတက်လာမှုနှင့်အတူ Media Literacy ဟုခေါ်သည့် သတင်းအချက်အလက် သိနားလည်မှုမြှင့်တင်ပေးရန် လိုအပ်ချက်များ မြင့်မားလာသည်။
လူမှုကွန်ရက်များပေါ်တွင် သတင်းအချက်အလက်မျိုးစုံတို့သည် အချိန်နှင့်တစ်ပြေးညီဖြစ်ပေါ်လာသဖြင့် သတင်းစီးဆင်းမှုနှင့် စားသုံးမှုမြန်ဆန်လာသည်။ သတင်းအချက်အလက်များကို သတင်းမီဒီယာသမားများသာမက လူတိုင်းလူတိုင်း ဖြန့်ဝေနိုင်သည့် အခွင့်အရေးများရှိလာသည်။ လူမှုကွန်ရက်သုံးစွဲသူတိုင်းသည် သတင်းစားသုံးသူ များဖြစ်သလို သတင်းဖြန့်ဝေသူများလည်းဖြစ်နိုင်သည်။ ထိုအခါ အချိန်နှင့်အမျှ အပြန်အလှန်စီးဆင်းနေသည့် သတင်းအချက်အလက်များတွင် အစစ်အမှန်သတင်းများရှိသလို သတင်းတု၊ သတင်းမှား၊ သတင်းအတု အယောင်များလည်း ရောနှောပါဝင်လာသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းလူတိုင်း သတင်းအချက်အလက်သိနားလည်မှု စံနှုန်းများမြင့်လာရန် လိုအပ်လာသည်။
လျင်မြန်စွာ ပြောင်းလဲနေသည့် ဒီဂျစ်တယ်အခင်းအကျင်းနှင့် လိုက်လျောညီထွေဖြစ်စေရန်၊ အများပြည်သူ အကျိုးစီးပွားဆိုင်ရာ အချက်အလက်များကို လူမှုကွန်ရက်တွင် ခွဲခြားသတ်မှတ်ရန်၊ အကဲဖြတ်ရန်နှင့် သုံးစွဲသူများအား စွမ်းဆောင်ရည်မြှင့်တင်ရန် ယခုနှစ် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှု ရက်သတ္တပတ်ကာလအတွင်း အထူးပြုဆောင်ရွက်သွားကြရမည်ဖြစ်သည်။
အဆိုပါ လှုပ်ရှားမှုကာလအတွင်း ပြည်သူများအနက် လက်ရှိတာဝန်ထမ်းဆောင်နေသော မီဒီယာများ၊ ဝန်ထမ်းများ၊ လူငယ်လူရွယ်များ၊ ကျောင်းသား ကျောင်းသူများ၏ မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှုစွမ်းရည် ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးမှုများ တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် လူငယ်လူရွယ်များနှင့် ပြည်သူများကြား၌သတင်းအချက်အလက်များအပေါ်တွင် အသိပညာ၊ အတတ်ပညာနှင့် ဆင်ခြင်ဝေဖန်နိုင်စွမ်း မြင့်မားလာမည်။ အထူးသဖြင့် နည်းပညာ၏ကောင်းကျိုး၊ ဆိုးကျိုး၊ တီထွင် ဖန်တီးမှုနှင့် စိန်ခေါ်မှု၊ အေအိုင်နှင့် မီဒီယာဆက်စပ်မှု၊ သတင်းတု၊ သတင်းမှား၊ လုပ်ကြံသတင်း များနှင့် အမုန်းစကားများ ပျံ့နှံ့စေသည့် လူမှုမီဒီယာများ၊ ဆိုရှယ်မီဒီယာများပေါ်မှ အကျိုးနှင့်အပြစ်များကို ခွဲခြားဝေဖန်သုံးသပ်နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှု ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုတွင် အားလုံးတက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြရန် မြန်မာနိုင်ငံအနေဖြင့် အထူးလိုအပ် လျက်ရှိသည်။ အတုနှင့် အစစ်ခွဲခြား၍မရအောင် ထပ်တူရောထွေးလာသည့် ယနေ့ခေတ်ကာလတွင် အသိပညာ၊ ဗဟုသုတနှင့်စိစစ်ဝေဖန်နိုင်စွမ်း မြင့်မားနေမှသာ အမှား၊ အမှန်၊ အကောင်း၊ အဆိုးတို့ကို ခွဲခြားသိမြင်နိုင်စွမ်းရှိပြီး ငြိမ်းချမ်းသာယာဝပြောသည့် လောကကောင်းကျိုးများကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပါကြောင်း။ ။

No comments