မူပိုင်ခွင့်ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကျင်းပ
နေပြည်တော် အောက်တိုဘာ ၃၁
တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၊ စတုတ္ထနှစ်မဟာဗျူဟာ လုပ်ငန်းအစီအစဉ် (၂၀၂၆) ၏ မဟာဗျူဟာလုပ်ငန်းနယ်ပယ် (၄)၊ မဟာဗျူဟာအစီအစဉ် (၄.၂) ရှိ ဥပဒေရေးရာသုတေသန စွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်သည့် မူပိုင်ခွင့်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ (Research Paper Presentation on Intellectual Property Rights) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် Judicial College ၌ ပူးတွဲစနစ် (In person/ Virtual) ဖြင့်ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်အမှာစကား ပြောကြားသည်။
သုတေသနစာတမ်းဖတ်ပွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်စေးစေးဝါးဖိုးက "Strengthening Online Platform Responsibility for Trademark Protection in Myanmar" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တရားရုံးမှ တွဲဖက်မြို့နယ် တရားသူကြီး ဒေါက်တာ ဇင်သူဝင်းက "Trademark Dilution in the Digital Age" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး ဦးမျိုးသိန်းဦးက "Author's Right Protection in Myanmar " ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တရားရုံးမှ ဒုတိယမြို့နယ်တရားသူကြီး ဒေါ်ကောင်းမြတ်နေခြည်ထူးက "Legal Protection of Moral Rights under Copyright Law in Myanmar" ခေါင်းစဉ်ဖြင့်လည်းကောင်း သုတေသနစာတမ်းများ ဖတ်ကြားကြသည်။
စာတမ်းဖတ်ပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များမှ တရားသူကြီးချုပ်များနှင့် တရားလွှတ်တော်တရားသူကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် တရားရေးအရာရှိများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များမှ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတရားရုံးများ၊ ခရိုင်တရားရုံးများမှ တရားသူကြီးများ တက်ရောက်ကြပြီး လူကိုယ်တိုင်တက်ရောက်သူ ၁၄၀၊ အွန်လိုင်းဖြင့် တက်ရောက်သူ ၃၄၅ ဦး စုစုပေါင်းတရားသူကြီးနှင့် တရားရေးအရာရှိ ၄၈၅ ဦး တက်ရောက်ကြောင်း သိရသည်။
သတင်းစဉ်

No comments