ရုရှားလေယာဉ် ဗုံးခြိမ်းခြောက်ခံရသော်လည်း တူကီယဲနိုင်ငံသို့ ဘေးကင်းစွာဆင်းသက်



မော်စကို နိုဝင်ဘာ ၁၈

 

ရုရှားနိုင်ငံမှ ခရီးသည် ၆၅ ဦးနှင့် လေယာဉ်ဝန်ထမ်းလေးဦး လိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စင်းမှာ ဗုံးခြိမ်းခြောက်မှု ကြုံတွေ့ခဲ့ရပြီးနောက် နိုဝင်ဘာ ၁၈ ရက်တွင် တူကီယဲနိုင်ငံတောင်ပိုင်း အန်တယ်လျာလေဆိပ်သို့ ဘေးကင်းစွာဆင်းသက်နိုင်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

 

အဆိုပါလေယာဉ်မှာ ရုရှားနိုင်ငံ မင်နာရယ်လ်နီဗိုဒီ (Mineralnye Vody) မြို့မှ တူကီယဲနိုင်ငံ အန်တယ်လျာမြို့သို့ ပျံသန်းလာသည့် အာဇီမုသ် (Azimuth) လေကြောင်းလိုင်းပိုင် ဆူခွိုင်း စူပါဂျက် ၁၀၀ (Sukhoi Superjet 100) အမျိုးအစား လေယာဉ်ဖြစ်သည်။

 

ဗုံးခြိမ်းခြောက်မှု သတင်းရရှိပြီး နောက်လေယာဉ်ကို လုံခြုံရေးအဖွဲ့များက အနီးကပ် စောင့်ကြည့်ခဲ့ကြောင်း Demirren သတင်းဌာနက ဖော်ပြသည်။

 

လေယာဉ်သည် အန်တယ်လျာ လေဆိပ်၏ ဒုတိယမြောက် ပြေးလမ်းပေါ်သို့ ဆင်းသက်ခဲ့ပြီးနောက် လုံခြုံရေးသတ်မှတ်ထားသည့်နေရာသို့ ရွှေ့ပြောင်းထားခဲ့သည်။ ထို့နောက် ခရီးသည်များနှင့် လေယာဉ်ဝန်ထမ်းအားလုံးကို ဘေးကင်းစွာ လေယာဉ်ပေါ်မှ ဆင်းသက်စေခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

 

လက်ရှိတွင် လေယာဉ်အတွင်း ဗုံး သို့မဟုတ် အန္တရာယ်ရှိသည့် ပစ္စည်းများ ရှိ၊ မရှိ သိရှိနိုင်ရန် လုံခြုံရေးတပ်ဖွဲ့များက စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။        

 

ဆင်ဟွာ

No comments

Powered by Blogger.