ကားအဓိကအစိတ်အပိုင်းနှင့် ကုန်ကြမ်းများကို စံချိန်စံညွှန်းတစ်ပြေးညီ သတ်မှတ်ရန် ဂျပန်ကားထုတ်လုပ်သူများ စီစဉ်
တိုကျို နိုဝင်ဘာ
၁၈
ဂျပန်နိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုကဏ္ဍတွင်
ကမ္ဘာ့ဈေးကွက်၌ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင် နိုင်ရေး ကုမ္ပဏီအချင်းချင်း ပူးပေါင်းဆောင်ရွက်မည့်
အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း သိရသည်။
ယင်းအစီအစဉ်အရ မော်တော်ကားထုတ်လုပ်သူများအကြား
အသုံးပြုသည့် အဓိကအစိတ်အပိုင်းများနှင့် ကုန်ကြမ်းပစ္စည်းများကို စံချိန်စံညွှန်းတစ်ပြေးညီ
သတ်မှတ်သွားမည်ဖြစ်သည်။
အဆိုပါအစီအစဉ်ကို
ဂျပန်မော်တော်ကားထုတ်လုပ်သူများအသင်း (JAMA) နှင့် ဂျပန်မော်တော်ကား အစိတ်အပိုင်းထုတ်လုပ်သူများအသင်းတို့
ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး မော်တော်ကားကိုယ်ထည်နှင့် အပြင်ပိုင်းအကာ အကွယ်ပြားများတွင်
အသုံးပြုသည့် သံမဏိ၊ ပလတ်စတစ်ပြုလုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းအစေးများအပြင် မော်တော်ကားအီလက်ထရွန်နစ်
စနစ်များကို ချိတ်ဆက်ပေးသည့် ဝိုင်ယာကြိုးအစုများ၏ သတ်မှတ်ချက်များကိုပါ တစ်ပြေးညီဖြစ်စေရန်
ဆောင်ရွက်သွားမည်ဖြစ်သည်။
ယခင်က မော်တော်ကားထုတ်လုပ်သည့်
ကုမ္ပဏီတစ်ခုချင်းစီမှာ မိမိတို့နှစ်သက်ရာ အစိတ်အပိုင်းနှင့် ကုန်ကြမ်းများကို သီးခြားရွေးချယ်အသုံးပြုခဲ့ကြသည်။
ယခုကဲ့သို့ သတ်မှတ်ခြင်းဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်သည့်အပြင် မော်တော်ကားအသစ်များ
ဖွံ့ဖြိုးတီထွင်ထုတ်လုပ်သည့် အချိန်ကိုလည်း တိုတောင်းစေနိုင်မည်ဟု လုပ်ငန်းဆိုင်ရာ
အသင်းများက မျှော်မှန်းထားသည်။ ထို့ပြင် ကုန်ကျစရိတ်နှင့် အချိန်ကုန်သက်သာလာခြင်းကြောင့်
အနာဂတ်မျိုးဆက်သစ်မော်တော်ကား နည်းပညာများတွင် ပိုမိုအာရုံစိုက် ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ

No comments