အီဂျစ်နိုင်ငံ၌ ရထားနှစ်စင်းတိုက်မှုဖြစ်ပွား၊ ခုနစ်ဦးသေဆုံးပြီး ၁၁၀ ကျော် ထိခိုက်ဒဏ်ရာရ
ကိုင်ရို နိုဝင်ဘာ
၉
အီဂျစ်နိုင်ငံ၌
ရထားနှစ်စင်းတိုက်မှုဖြစ်ပွားရာ ခုနစ်ဦးသေဆုံးပြီး ၁၁၀ ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း
သိရသည်။ အဆိုပါဖြစ်ရပ်မှာ အီဂျစ်နိုင်ငံ၏မြို့တော် ကိုင်ရိုမြို့ ဆင်ခြေဖုံးဒေသ၌ ဖာယွမ်မြို့သို့
ဦးတည်ခုတ်မောင်းလာသော ရထားတစ်စင်းနှင့် နိုင်ငံတောင်ပိုင်း အာဆွမ်မြို့သို့ ဦးတည်ခုတ်မောင်းလာသော
ရထားတစ်စင်းတို့ နိုဝင်ဘာ ၈ ရက်တွင် တိုက်မိခဲ့ခြင်း ဖြစ်သည်။
ကျန်းမာရေးအာဏာပိုင်များက
ရထားတိုက်မှုကြောင့် ရထားတွဲအချို့ လမ်းချော်ခဲ့ပြီး လက်ရှိအချိန်အထိ ခုနစ်ဦးသေဆုံးကာ
၁၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားသည်။
အီဂျစ်သမ္မတ အက်ဒယ်ဖာတာအယ်စီစီက
နိုဝင်ဘာ ၈ ရက်တွင် လူမှုကွန်ရက်မှတစ်ဆင့် သေဆုံးသူများနှင့် ယင်းတို့၏မိသားစုဝင်များအတွက်
အလွန်စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားသည်။ ထို့အပြင် သမ္မတအယ်စီစီသည် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍
အမြန်ဆုံးစုံစမ်း စစ်ဆေးရန်နှင့် ပေါ့ဆမှုရှိသူ မည်သူ့ကိုမဆို တာဝန်ယူစေရန် ညွှန်ကြားထားသည်။
အင်န်အိတ်ချ်ကေ

No comments