ပရီမီယာလိဂ် ၁၀ ပွဲကစားပြီး ရမှတ်ရှစ်မှတ်ဖြင့် တန်းဆင်းဇုန်အတွင်း မန်ယူအသင်း ရုန်းကန်နေရ
ပရီမီယာလိဂ်ပွဲစဉ်
(၁၀) ရဲ့ နိုဝင်ဘာ ၈ ရက်ညပိုင်း နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မန်ယူအသင်းနဲ့ အက်စ်တွန်ဗီလာအသင်းတို့ပွဲစဉ်မှာ
တစ်ဖက်လေးဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ဧည့်သည်အဖြစ်
လာရောက်ကစားခဲ့တဲ့ အက်စ်တွန်ဗီလာအသင်းက
အိုးထရက်ဖို့ဒ် ညချမ်းကို ပွဲအစလေးမိနစ်အတွင်းမှာပဲ နှစ်ဂိုးအသာနဲ့ လှလှပပ စတင်ဖြတ်သန်းပြခဲ့ပါတယ်။
မန်ယူအသင်းကတော့ ဘရူနိုဖာနန်ဒက်ရဲ့ ပင်နယ်တီသွင်းဂိုးတစ်ဂိုးနဲ့ တီယယ်လီမန်ရဲ့ သွင်းဂိုးတစ်ဂိုးတို့
ပြန်လည်ရရှိခဲ့လို့ ပထမပိုင်းမှာ တစ်ဖက်နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ
အက်စ်တွန်ဗီလာအသင်းက မက်ဂင်ရဲ့ ပင်နယ်တီသွင်းဂိုးတစ်ဂိုးနဲ့ ဂိုရက်ဇ်ကာရဲ့ သွင်းဂိုးတစ်ဂိုးတို့
ထပ်မံရရှိခဲ့လို့ အဝေးကွင်းမှာ မန်ယူအသင်းကို လေးဂိုး - နှစ်ဂိုးဖြင့် ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ သာမန်ပွဲကစားချိန်အတွင်း
မန်ယူအသင်း ချေပဂိုးရရှိရေးကြိုးပမ်းခဲ့ပေမယ့် ထင်တိုင်းမပေါက်ခဲ့ဘဲ နာကျင်အချိန်ပိုရောက်မှသာ
ဇက်ဇီနဲ့ ဒေါ်ဂူတို့ကတစ်ဂိုးစီ သွင်းယူပေးခဲ့လို့ တစ်ဖက်လေးဂိုးစီနဲ့ ပွဲပြီးဆုံးခဲ့ပြီး
အိမ်ကွင်းမှာ သရေတစ်မှတ်ရရှိဖို့ အကြိတ်အနယ် ကစားခဲ့ရတာဖြစ်ပါတယ်။
မန်ယူအသင်းဟာ ယခုဘောလုံးရာသီမှာ
ပြိုင်ပွဲစုံပေးဂိုး ၃၀ အထိရှိထားပြီး ဥရောပထိပ်တန်းလိဂ်ငါးခုမှာ မန်ယူအသင်းလို ပေးဂိုးအများဆုံးပေးထားရတဲ့အသင်း
လက်ရှိအချိန်အထိ မရှိသေးတာဖြစ်ပါတယ်။
မန်ယူအသင်းဟာ နိုဝင်ဘာ
၇ ရက်က ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်နိုင်ပွဲရပြီးကတည်းက
တန်းဆင်းဇုန်အတွင်း အလိုအလျောက် ဆင်းပေးခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့် မန်ယူအသင်းအနေနဲ့
အက်စ်တွန်ဗီလာအသင်းကို အနိုင်ကစားပြီး ရမှတ်သုံးမှတ် အပြည့်ရယူကာ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ကြိုးစားခဲ့ပေမယ့်
သရေရလဒ်သာ ထွက်ပေါ်ခဲ့လို့ မန်ယူအသင်းဟာ ပရီမီယာလိဂ် ၁၀ ပွဲ ကစားပြီးချိန်မှာ ရမှတ်ရှစ်မှတ်သာ
စုဆောင်းနိုင်ခဲ့ကာ လက်ရှိမှာ တန်းဆင်းဇုန်အတွင်း ရုန်းကန်နေရတာဖြစ်ပါတယ်။
ငွေကြယ်

No comments