သံအမတ်ကြီး ဦးအေးမင်းထွေး အိန္ဒိယသမ္မတနိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ်
နေပြည်တော် နိုဝင်ဘာ ၆
အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော
မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးသည် ၎င်း၏သံအမတ်ခန့်အပ်လွှာကို ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ
နယူးဒေလီမြို့ရှိ သမ္မတအိမ်တော်၌ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီမတီ ဒရောပါဒီ မာမူထံသို့
ပေးအပ်ခဲ့ပြီးဖြစ်သည်။
သံအမတ်ခန့်အပ်လွှာပေးအပ်ခြင်း အခမ်းအနားကို
ညနေ ၄ နာရီတွင် နယူးဒေလီမြို့ရှိ သမ္မတအိမ်တော် အာသောကခန်းမ၌ ကျင်းပပြီး အခမ်းအနားတွင်
အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးနှင့်အတူ မာလီသမ္မတနိုင်ငံ
သံအမတ်ကြီး H.E. Dr. Fatoma Thera၊ မာဒါဂက်စကာသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr.
Georget Mandehatsara၊ အီကွေတိုရီယယ်ဂီနီသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Miguel
Edjang Angue တို့ကလည်း အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီမတီ ဒရောပါဒီ မာမူထံသို့ ခန့်အပ်လွှာများ
ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သံအမတ်ခန့်အပ်လွှာ ပေးအပ်ပြီး အိန္ဒိယသမ္မတနိုင်ငံ
သမ္မတ ရှရီမတီ ဒရောပါဒီ မာမူနှင့် မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးတို့ တွေ့ဆုံစဉ် သံအမတ်ကြီးက
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့်
ဆက်ဆံရေး ပိုမိုတိုးမြင့်စေရန် အထူးကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား
ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေးနှင့် ပြည်သူအချင်းချင်း
ထိတွေ့ဆက်ဆံမှုဆိုင်ရာကဏ္ဍများတွင်လည်း ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးအတွက်
အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏
ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များတွင်
ကူညီပံ့ပိုးပေးနေမှုများအတွက် မြန်မာနိုင်ငံ အစိုးရကိုယ်စား အိန္ဒိယနိုင်ငံအစိုးရအား
ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments