တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ချစ်ကြည်ရေးခရီးပြန်လည်ရောက်ရှိ
နေပြည်တော် နိုဝင်ဘာ ၆
လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Saichay Kommasith ၏ ဖိတ်ကြားချက်အရ
လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည်
ယနေ့မွန်းလွဲပိုင်းတွင် လာအိုနိုင်ငံ လွန်ပရာဘန်ပြည်နယ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး
ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား လာအို အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊
စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Vanhthong Boudtavongနှင့်ဇနီး၊ လွန်ပရာဘန်
ပြည်နယ် စစ်ဌာနချုပ်မှူးနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုစစ်သံမှူး၊ မြန်မာစစ်သံ
(ကြည်း၊ ရေ၊လေ)နှင့် ဇနီး၊ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး
ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်လေဆိပ်သို့ ညနေပိုင်းတွင်
ပြန်လည်ရောက်ရှိကြရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး ဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး
ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ
လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက
လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။ (ဝဲအပေါ်ပုံ)
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော
မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း လာအို အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာန အကြီးအကဲ၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်
အမျိုးသား ကာကွယ်ရေးဝန်ကြီး၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံ၍
နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု
တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးဆောင်ရွက်ခြင်း၊ လာအိုနိုင်ငံရှိ သမိုင်းဝင်
ဘုရား၊ ပုထိုးစေတီ၊ ကျောင်းများနှင့် အထင်ကရနေရာများသို့ သွားရောက်ဖူးမြော် ကြည်ညိုလေ့လာကြည့်ရှုခြင်းများ
ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments