တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ လွန်ပရာဘန်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား ဆွမ်းလောင်းလှူ၊ လွန်ပရာဘန်ပြည်နယ်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ
နေပြည်တော် နိုဝင်ဘာ ၆
လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ
လွန်ပရာဘန်ပြည်နယ်၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည်
ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊
စစ်ဦးစီးဌာန ဒုတိယအကြီးအကဲနှင့်ဇနီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် အစောပိုင်းတွင်
လွန်ပရာဘန်မြို့ရှိ ဝပ်ဆဲန်းဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် လာအိုရိုးရာ ဆွမ်းလောင်းလှူပွဲ
(Tak Bat ) သို့ သွားရောက်၍ သံဃာတော်များအား ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။
(ယာပုံ)
Tak Bat ခေါ် လာအိုနိုင်ငံ၏ ရိုးရာဆွမ်းလောင်းလှူပွဲသည်
ဗုဒ္ဓဘာသာ၏ သဒ္ဓါတရား၊ ရိုးရာယဉ်ကျေးမှုနှင့် ငြိမ်းချမ်းသော လူနေမှုဘဝကို ထင်ဟပ်စေသည့်
လှပသော ဓလေ့တစ်ခု ဖြစ်သည်။ နေ့စဉ်အရုဏ်တက်ချိန် နံနက် ၅ နာရီမှ ၆ နာရီအထိ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ
သံဃာတော်များသည် တန်းစီကာကြွရောက် ဆွမ်းခံယူကြပြီး ဒေသခံများနှင့် ဒါယိကာ၊ ဒါယကာမများက
လမ်းဘေးတွင် ဖျာ၊ ထိုင်ခုံငယ်များ ခင်းကာ သံဃာတော်များ၏ သပိတ်အတွင်းသို့ ရိုးရာအစားအစာ
ဖြစ်သော ကောက်ညှင်းပေါင်းကို အဓိကထားလောင်းလှူပြီး အခြားလှူဖွယ် ပစ္စည်းများကိုလည်း
လောင်းလှူကြခြင်း ဖြစ်သည်။ အဆိုပါ ဆွမ်းလောင်းလှူပွဲသည် ကမ္ဘာလှည့်ခရီးသွားများ အကြားတွင်လည်း
အလွန်ထင်ရှားသော ရိုးရာဆွမ်းလောင်းလှူပွဲ ဖြစ်ကြောင်း သိရသည်။
ကြည့်ရှုလေ့လာ
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၏ ယူနက်စကို
(UNESCO) ကမ္ဘာ့အမွေအနှစ်ဝင် မြို့တော်ဖြစ်သော လွန်ပရာဘန်မြို့ရှိ ရှေးဟောင်း “ဘုရင့်နန်းတော်ပြတိုက်” သို့ သွားရောက်၍ ဖရာဘန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကို
ဖူးမြော်ကြည်ညိုကြသည်။ ထို့နောက် ပြတိုက်အတွင်းရှိ နန်းတွင်းအသုံးအဆောင်များ ဖြစ်သည့်
ဘုရင်နှင့် မိဖုရားတို့၏ ဧည့်ခန်းမ၊ စာကြည့်ခန်း၊ အိပ်ဆောင်များ၊ ဘုရင်မင်းဆက် အစဉ်အဆက်
သုံးစွဲခဲ့သည့် တန်ဖိုးကြီး သမိုင်းဝင်ပစ္စည်းများနှင့် ရာဇပလ္လင်၊ နန်းတော်အတွင်း
နံရံများတွင် လာအိုတို့၏ ရိုးရာ ပွဲတော်များနှင့် မြို့ပြလူနေမှုဘဝများကို အသေးစိတ်သရုပ်ဖော်ထားသည့်
အနုပညာလက်ရာများကို စိတ်ဝင်စားစွာ လိုက်လံကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံ
ရှင်းလင်းပြသကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်
အဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments