ဥရောပလေကြောင်းလိုင်းများ ဗုံးခြိမ်းခြောက်ခံရ
နိုဝင်ဘာ ၆
ဥရောပတစ်ဝန်းရှိ လေကြောင်းလိုင်းများသည် မကြာသေးမီရက်များအတွင်း ဗုံးခြိမ်းခြောက်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ မီဒီယာများ၏ ဖော်ပြချက်အရ နိုဝင်ဘာ ၅ ရက်နေ့က လေယာဉ်အစီးရေ ၂၀ ထက်မနည်း ဗုံးခြိမ်းခြောက်မှုရရှိခဲ့ကြောင်း သိရသည်။
လေယာဉ်တစ်စင်းသည် အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့မှ အီတလီနိုင်ငံ ရောမမြို့သို့ ပျံသန်းနေစဉ် ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ လေတပ်စခန်းတစ်ခုတွင် အရေးပေါ်ဆင်းသက်ခဲ့သည်။
ထိုလေယာဉ်ကို လိုက်လံစောင့်ကြပ်ပေးရန် တိုက်လေယာဉ်နှစ်စင်းကို အရေးပေါ်စေလွှတ်ကာ လေယာဉ်ပေါ်ရှိ ခရီးသည်များနှင့် လေယာဉ်ဝန်ထမ်းများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဗုံးရှာဖွေဖယ်ရှားရေးအဖွဲ့များကိုလည်း စေလွှတ်ခဲ့သည်ဟု ပြင်သစ်လေတပ်၏ ပြောကြားချက်အရ သိရသည်။
ပရာ့ဂ်မြို့သို့ပျံသန်းလာသော လေယာဉ်လေးစင်းသည် ဗုံးခြိမ်းခြောက်မှုများ ရရှိခဲ့ပြီးနောက် လေယာဉ်များဆင်းသက်ပြီးချိန်တွင် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ရှိ၊ မရှိ ရှာဖွေစစ်ဆေးခဲ့သည်ဟု ချက်နိုင်ငံရဲတပ်ဖွဲ့က ဆိုသည်။
လေကြောင်းလိုင်းများနှင့် မီဒီယာများက ထိုဗုံးခြိမ်းခြောက်မှုများသည် ဥရောပတစ်ဝန်းရှိ လေယာဉ်ခရီးစဉ်များကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်းနှင့် လေယာဉ်အချို့သည် အခြားလေဆိပ်များသို့ လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ရပြီး ခရီးသည်များ၏ခရီးဆောင်အိတ်များကိုလည်း လုံခြုံရေးအရ ပြန်လည်စစ်ဆေးခဲ့ရာတွင် ယခုအချိန်အထိ ပေါက်ကွဲစေတတ်သည့်ပစ္စည်းတစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။
နောက်ဆုံးဖြစ်ပွားခဲ့သည့် လေကြောင်းခရီးစဉ် အနှောင့်အယှက်များသည် ဥရောပဒေသတစ်ဝန်းရှိ လေယာဉ်ခရီးစဉ်ရှစ်ခုတွင် အလားတူဗုံးခွဲမည်ဟူသော ခြိမ်းခြောက်မှုများလက်ခံရရှိခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအသင်း (IATA) ကလည်း ထိုခြိမ်းခြောက်မှုလှိုင်းကို လူမှုကွန်ရက်မှတစ်ဆင့် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး လေကြောင်းလုပ်ငန်းတွင် ဘေးကင်းလုံခြုံရေးသည် နံပါတ်တစ်ဦးစားပေးအချက်ဖြစ်ပြီး ခြိမ်းခြောက်မှုအားလုံးကို အလေးအနက်ထား ကိုင်တွယ် ဆောင်ရွက်သည်ဟု ပြောကြားခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments