စိုက်ပျိုးရေးနည်းပညာပေးသင်တန်း (အခမဲ့)ဖွင့်လှစ်
ရပ်စောက် နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍
ကျေးလက်နေပြည်သူများ စိုက်ပျိုးရေးဆိုင်ရာ အသိပညာ၊ အတတ်ပညာများနှင့်
ပိုမိုကောင်းမွန်သည့် သိပ္ပံနည်းကျ စိုက်ပျိုးရေးနည်းစနစ်များ သိရှိစေရန် ရည်ရွယ်၍
စိုက်ပျိုးရေးနည်းပညာပေးသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက စမ်းရေဦးကျေးရွာ၌
ကျင်းပသည်။
ဦးစွာ တောင်ကြီးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ခရိုင်ဦးစီးမှူး ဦးညွန့်ဝင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ
ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က အမှာစကားပြောကြားပြီး ရပ်စောက်မြို့နယ် ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်က
သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများအား
ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဆရာများက သင်တန်းတွင်
သင်ကြားပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော
ဌာနဆိုင်ရာတာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို သင်တန်းသား သင်တန်းသူများထံ
ပေးအပ်သည်။
အဆိုပါသင်တန်းကို စမ်းရေဦး ခေတ်မီစံပြကျေးရွာရှိ သင်တန်းသား သင်တန်းသူ (၂၀)
တက်ရောက်ကြပြီး သင်တန်းတွင် Effective Micro-organism (EM) ဖော်ရည်ပြုလုပ်နည်း၊ စပါး/ နေကြာသီးနှံ
မျိုးစေ့ထုတ်လုပ်နည်း၊ သဘာဝမြေသြဇာ၊ ပိုးသတ်ဆေးပြုလုပ်နည်းနှင့် သုံးစွဲနည်းများ၊ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များ၊
သိပ္ပံနည်းကျ စိုက်ပျိုးနည်းအမျိုးမျိုး၊ သီးနှံအထွက်နှုန်းတိုးတက်စေရန်
ဆောင်ရန်ရှောင်ရန်များနှင့် ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ
အလေ့အကျင့်ကောင်းများ စသည့် နည်းပညာများကို ကျွမ်းကျင်နည်းပြဆရာများက ရက်သတ္တပတ်
ဆယ်ရက်ကြာ အခမဲ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်

No comments