အာဖဂန်နစ္စတန်၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကြိုးပမ်းမှုအတွက် အမေရိကန်နိုင်ငံက ဆက်လက်အထောက်အပံ့ပေးမည်ဟု ဘိုင်ဒင်ကတိပြု


 


ဝါရှင်တန် ဇွန် ၂၆

အမေရိကန်တပ်ဖွဲ့ဝင်များ အာဖဂန်နစ္စတန်နိုင်ငံမှ ဆုတ်ခွာခဲ့ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကြိုးပမ်းမှုအတွက် အမေရိကန်နိုင်ငံအနေဖြင့် အထောက်အပံ့များ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ကတိပြုပြောကြားသည်။

ဇွန် ၂၅ ရက်က အိမ်ဖြူတော်၌ အာဖဂန်နစ္စတန် သမ္မတဂါနီနှင့် တွေ့ဆုံဆွေးနွေးရာတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အာဖဂန်နစ္စတန်နိုင်ငံနှင့် ပတ်သက်သည့် အမေရိကန်နိုင်ငံ၏ သံတမန်ရေး ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အထောက်အပံ့ပေးမှုသည် မည်သည့်အခါမျှ ပြောင်းလဲသွားမည် မဟုတ်ကြောင်းလည်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောကြားသည်။

အာဖဂန်နစ္စတန်သမ္မတ ဂါနီကလည်း အမေရိကန်-အာဖဂန်နစ္စတန် ဆက်ဆံရေးကို ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာအရမဟုတ်ဘဲ နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့်ဆက်ဆံရေးကို ဖော်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားသည်။

အကြမ်းဖက်သမားများက အမေရိကန်နိုင်ငံအား တိုက်ခိုက်ခဲ့သည့် နှစ် ၂၀ ပြည့်ဖြစ်သည့် စက်တင်ဘာ ၁၁ ရက်တွင် အမေရိကန်တပ်ဖွဲ့ဝင် များကို အာဖဂန်နစ္စတန်နိုင်ငံမှ အပြီးတိုင်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်းလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဧပြီလအတွင်းက ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမှုကို မေလမှစတင်ကာ ဆောင်ရွက်ခဲ့ခြင်းကြောင့် တာလီဘန်များကလည်း အာဖဂန်နစ္စတန် နိုင်ငံ၌ ၎င်းတို့၏ နယ်မြေစိုးမိုးမှုကို ပိုမိုတိုးချဲ့လာခဲ့ကြောင်း သိရသည်။

ကိုးကား- အင်န်အိတ်ချ်ကေ ဘာသာပြန်- အလင်းသစ်

No comments

Powered by Blogger.