ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ဟားခါး ဒီဇင်ဘာ ၂၉
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က “နယ်စပ်ဝင်ပေါက်များတွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ဌာနဆိုင်ရာများမှ ပိုမိုအရှိန်မြှင့်၍ ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုများပြားနေသည့် ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ အတွက် လိုအပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းနှင့် ဆေးပစ္စည်းများကို ဆက်လက် ထောက်ပံ့ပေးရန်လိုကြောင်း” အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဟားခါးမြို့နယ် လူထုကျန်းမာရေး စောင့်ရှောက်မှုကော်မတီ ဥက္ကဋ္ဌ၊ သိက္ခာတော်ရ ဆရာတော် ဒေါက်တာစတီဗင်လျန်ဟုပ်လိန်းက ဟားခါးမြို့နယ်၊ ဇိုးခွါကျေးရွာနှင့် ချွန်ကျုံးကျေးရွာ များတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို လည်းကောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ မြို့နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်း၊ ဆေးပစ္စည်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်မှု အခြေအနေနှင့် အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လူမှုရေးဝန်ကြီး ဦးသန့်ဇင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီးစောထွန်းတို့က ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းနှင့် ဆေးပစ္စည်းများ ဝယ်ယူရန် ရန်ပုံငွေထပ်မံလျာထားရေး၊ တစ်ဖက်နိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ဒေသ ကျေးရွာများတွင် ကာကွယ်ဆေးထိုးနှံနိုင်ရေး၊ ရောဂါပိုးတွေ့ရှိသည့် ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာနှင့် ဇိုးခွါကျေးရွာများတွင် လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့နိုင်ရေး၊ ကျန်းမာရေး အသိပညာပေး လက်ကမ်း စာစောင်များ၊ ဗီနိုင်းပိုစတာများအား တိုင်းရင်းသား ဘာသာစကားဖြင့် ကျေးရွာများသို့ ဆက်လက်ဖြန့်ဝေနိုင်ရေး၊ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ရှာဖွေမှုကို ပိုမိုဆောင်ရွက်နိုင်ရေးကိစ္စများကို အကြံပြုဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက် မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)
No comments