ငဖဲမြို့နယ်  ပန်းထိန်းကျေးရွာတွင် မြေအိုးလုပ်ငန်းကို နှစ်စဉ်ရိုးရာမပျက် လုပ်ကိုင်ရောင်းချလျက်ရှိ

 




ငဖဲ   ဇန်နဝါရီ   ၃


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပန်းထိန်းကျေးရွာသည် ပန်းထိန်းမန်းချောင်းဘေးတွင် တည်ရှိပြီး ကျေးရွာပြည်သူများက မိရိုးဖလာ မိသားစုတနိုင်တပိုင်လုပ်ငန်းအဖြစ် မြေအိုးလုပ်ငန်းကို နှစ်စဉ်အစဉ်အလာမပျက် ထိန်းသိမ်းလုပ်ကိုင်ရောင်းချပြီး မိသားစုများစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။


အဆိုပါ မြေအိုးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ကဆုန်လကတည်းက မြေကြီးများစုဆောင်းထား ရကြောင်း၊ မိုးအကုန် သီတင်းကျွတ်လရောက်လျှင် မိမိတို့နေအိမ်မှာပဲ အိုးအကြမ်းထည်လုပ်ကိုင်ကြောင်း၊ အိုးအကြမ်းထည်များအား ပန်းထိန်းမန်းချောင်းအတွင်းသို့ သယ်ယူပြီး နေလှန်း၍ တစ်ညတာမီးဖုတ်ရကြောင်း၊ မီးဖုတ်ရာတွင် ထင်းအသုံးမပြုဘဲ စပါးခွံ၊ သစ်ခွံ၊ ကောက်ရိုးများကို အသုံးပြု၍ မီးဖုတ်ပြီး တစ်ရက်ထား၍ မြေအိုးအချောထည်များရရှိကြောင်း၊ ပြုလုပ်ရောင်းချရသည့်အိုးများမှာ သောက်ရေအိုး၊ ရေခပ်အိုး၊ မီးရေအိုး၊ စုဘူး၊ အတာအိုး၊ အလှပန်းစိုက်အိုးနှင့် ညောင်ရေအိုးများဖြစ်သည်။ ပြာသိုလတွင် လုပ်ကိုင်သည့် သဲသောက်ရေအိုးမှာ လူကြိုက်များ၍ အရောင်းရဆုံးအိုးဖြစ်ကာ   ငဖဲမြို့၊ ပဒါန်းကျေးရွာ၊ မန်းရွှေစက်တော်၊ မင်းလှမြို့နယ်(ကျောက်ပုံကျေးရွာ)နှင့် စေတုတ္တရာမြို့များသို့ ဖောက်သည်ပေးရောင်းချရကြောင်း သိရသည်။


အိုးများကို ဖောက်သည်ဈေးအဖြစ် သောက်ရေအိုးတစ်လုံးလျှင် ကျပ် (၁၀၀၀)၊ ရေခပ်အိုးတစ်လုံးလျှင် ငွေကျပ် (၅၀၀)၊ မီးရေအိုးတစ်လုံးလျှင် ငွေကျပ် (၂၅၀)၊ စုဘူးတစ်လုံးလျှင် ငွေကျပ် (၄၀၀)၊ အတာအိုး တစ်လုံးလျှင် ငွေကျပ် (၁၅၀)၊ ညောင်ရေအိုးတစ်လုံးလျှင် ငွေကျပ်(၆၀၀)နှင့် ထန်းရေအိုးတစ်လုံးလျှင် ငွေကျပ် (၂၅၀)နှုန်းဖြင့် ပေးပို့ရောင်းချရ၍ အိုးလုပ်ငန်းကို တန်ခူးလကုန်လျှင် မြေအိုးလုပ်ငန်းသိမ်းကြောင်း၊ နှစ်စဉ်ဖောက်သည်မပျက် ဆက်လက်ပြီး မိသားစုများ တစ်ပိုင်တစ်နိုင်လုပ်ကိုင်သောကြောင့် အပိုဝင်ငွေရ၊ စီးပွားရေးအဆင်ပြေကြောင်း ပန်းထိန်းကျေးရွာမှ မြေအိုးလုပ်ငန်းလုပ်ကိုင်ရောင်းချသူ  ဦးကျောက်က ပြောသည်။


မယု (ငဖဲ)                                                        

No comments

Powered by Blogger.