ရွာငံမြို့နယ်၌ နှစ်ရှည်ထောပတ်ပင် အများအပြားစိုက်ပျိုးလာ
ရွာငံ ဇန်နဝါရီ ၂၁
မြန်မာနိုင်ငံတွင် နှစ်ရှည်ရင်းနှီးမြှုပ်နှံမှုအဖြစ် သစ်တောစိုက်ခင်းများ၊
နှစ်ရှည်သီးနှံပင်များ စိုက်ပျိုး လာကြပြီး ယခုနောက်ပိုင်းတွင်
စျေးကွက်ခိုင်မာသည့် နှစ်ရှည်ပင်တစ်မျိုးဖြစ်သော ထောပတ်ပင်များကို အများအပြား စိုက်ပျိုးလာကြရာ
ရွာငံမြို့နယ်တွင် ထောပတ်ပင်များကို စီးပွားဖြစ် ဧကအများအပြား စိုက်ပျိုးထုတ်လုပ်
ရောင်းချနေကြသည်။
ထောပတ်ပင်များကို စိုက်ပျိုးမြေ တစ်ဧကတွင် ၂၅ ပေ ပတ်လည်စိုက်ပါက ၆၉
ပင် ဝင်ဆံ့နိုင်ပြီး ပေ ၃၀ ပတ်လည် စိုက်ပျိုးရာတွင် အပင် ၄၈ ပင်အထိ
စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီး တစ်နှစ်သားဝန်းကျင်တွင် အပင်အနေအထားပေါ်မူတည်၍
မျိုးကောင်းမျိုးသန့်များ ရရှိစေရန် နိုင်ငံခြားကိုင်းမျိုးများဖြစ်သော Hass,Buccaneer,Booth7, Pinkerton.034 စသည့် မျိုးကိုင်းများဖြင့် ကိုင်းကူးကိုင်းဆက်စနစ်ဖြင့် တွင်တွင်ကျယ်ကျယ်
စီးပွားဖြစ်စိုက်ပျိုးလာကြသည်။
ကိုင်းကူးကိုင်းဆက်စနစ်တွင် အပင်ပြုစုမှုအပေါ်မူတည်၍ ၃ နှစ်ခန့်တွင်
ပန်းပြသီးများ စတင်ခူးဆွတ် ရသည်။ ထို့အပြင် ဒေသမျိုးကောင်းမျိုးသန့် အပင်များမှလည်း
ကိုင်းကူးကိုင်းဆက်စနစ်ဖြင့် စိုက်ပျိုး နိုင်သည်။
ကိုင်းကူးကိုင်းဆက်စိုက်ပျိုးရာတွင် အပင်သက်တန်း တိုတောင်းသည်ဟု ဆိုကြသော်လည်း
အပင်ပြုစုမှုအပေါ်မူတည်၍ အနှစ်၂၀ မှ ၂၅ နှစ်ကျော်အထိ ခူးယူစားသုံးနိုင်သည်။
ထောပတ်ပင်များသည် မှိုကြောင့်ဖြစ်သော ရောဂါများ၊
ပိုးမွှားများကြောင့်ဖြစ်သော ရောဂါများ၊ ဘတ်တီးရီးယားကြောင့်ဖြစ်သော ရောဂါများမှ
အချိန်မီ ဂရုစိုက်ကာကွယ်ပြုစု စိုက်ပျိုးပါက စီးပွားဖြစ်ထွန်းသည့်
နှစ်ရှည်ရင်းနှီးမြှုပ်နှံစိုက်ပျိုးသင့်သည့် အပင်တစ်မျိုးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
No comments