စင်ကာပူနှင့် မလေးရှားနိုင်ငံအကြား ခရီးသွားစင်္ကြံ ပြန်လည်ဖွင့်လှစ်
ကွာလာလမ်ပူ ဇန်နဝါရီ ၂၄
စင်ကာပူနှင့် မလေးရှားနိုင်ငံတို့အကြား
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးသူများဆိုင်ရာ ခရီးသွားစင်္ကြံ အစီအစဉ်အရ နှစ်နိုင်ငံအကြား
လေကြောင်းနှင့် ဘတ်စ်ကားဖြင့်သွား လာသူခရီးသည်များအား ပြန်လည် ခရီးသွားလာခွင့် ပြုလိုက်ကြောင်း
မလေးရှားကျန်းမာရေးဝန်ကြီး ခိုင်ရီဂျမာလူဒင်က ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားသည်။
သို့ရာတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးဆောင်ရွက်ချက်အဖြစ်
လက်ရှိအချိန်တွင် လေကြောင်းနှင့် ဘတ်စ်ကား ခရီးစဉ်များအတွက် လက်မှတ်ရောင်းချမှု ရာခိုင်နှုန်းကို
၅၀ ရာခိုင်နှုန်းအထိသာ ခွင့်ပြုသွားမည်ဖြစ်ပြီး အဆိုပါ ခရီးစဉ်များအတွက် လက်မှတ်များထပ်မံရောင်းချမှုအား
နှစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနများ၏ သက်ဆိုင်ရာနိုင်ငံများ အလိုက် ဖြစ်ပွားနေသော
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေအား အချိန်နှင့် တစ်ပြေးညီ သုံးသပ်ချက်အပေါ် မူတည်၍
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနှစ်နိုင်ငံအကြား ကိုဗစ်-၁၉
ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးသူများဆိုင်ရာ
ခရီးသွားစင်္ကြံအစီအစဉ်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံအကြားဆက်သွယ်ထားသော
တံတားမှတစ်ဆင့် ခရီးသွားလာခြင်းနှင့် လေကြောင်းဖြင့်ခရီးသွား လာခြင်းကို ခွင့်ပြုခဲ့သော်လည်း
အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ
၂၃ ရက် တွင် အဆိုပါခရီးသွားစင်္ကြံအစီအစဉ်ကို ရပ်ဆိုင်းခဲ့ရသည်။ အဆိုပါခရီးသွား စင်္ကြံအစီအစဉ်ဖြင့်
ခရီးသွားလာသူ ခရီးသည်များသည် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သီးခြားစောင့်ကြည့် ခြင်းမှ ကင်းလွတ်ခွင့်ရရှိကြောင်း
သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ
No comments