လားရှိုးခရိုင်အတွင်း ကျေးရွာ ၂၁ ရွာ၌ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်
လားရှိုး မေ ၃၀
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)လားရှိုးခရိုင်အတွင်းရှိ ကျေးရွာ ၂၁ ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများကို ငွေကျပ် ၇၂၉ ဒသမ ၁၃၆ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လာရှိုးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိဖို့ ဦးစားပေး အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဘဏ္ဍာရေးနှစ်မှာတော့ လားရှိုးခရိုင်အတွင်း ယခင်နှစ်က ရေပေးဝေခဲ့ရတဲ့ ကျေးရွာတွေနဲ့ အခြား ရေရှားပါး ပြတ်လပ်နိုင်တဲ့ ကျေးရွာ ၂၁ ရွာကို ဦးစားပေးကာ တွင်းနက်စက်ရေတွင်းသစ်တွင်းတူးဖော်ခြင်းလုပ်ငန်း ခြောက်ခု၊ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ၁၅ ခု စုစုပေါင်း ၂၁ ခုကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၃၉၁ ဒသမ ၀၉ သန်း၊ ပြည်နယ်ရန်ပုံငွေကျပ် ၃၃၈ ဒသမ ၀၄၆ သန်း၊ စုစုပေါင်းငွေကျပ် ၇၂၉ ဒသမ ၁၃၆ သန်းဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအချိန်မှာတော့ လုပ်ငန်းအပ်နှံ ဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ လားရှိုးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မော်သန်းက ပြောပြသည်။
“သောက်သုံးရေရရှိရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ တွင်းနက်စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းမှာ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဂါလန် ၅၀၀၀ ဆံ့အုတ်ရေကန်၊ ဂါလန် ၃၀၀၀ ဆံ့ အုတ်ရေကန်၊ ကျေးရွာတွင်း ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများကို တစ်ပါတည်း ဆောင်ရွက်ပေးပါတာဖြစ်တယ်လို့ ” လို့ ခရိုင်ဦးစီးမှူး ဦးတင်မော်သန်းက ဆက်လက်ပြောပြသည်။
အဆိုပါ ရေပေးရေးလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၂၁ ရွာရှိ ကျေးရွာနေ ပြည်သူများ ရာသီမရွေး သောက်သုံးရေများ ဖူလုံစွာရရှိ သုံးစွဲနိုင်မှာဖြစ်ကြောင်းသိရသည်။
သန်းလွင်(မကွေး)
No comments