တရားမဝင် လူသုံးကုန်၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇူလိုင် ၃၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအဖွဲ့စုံဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသော အဝတ်အထည်များနှင့် အထွေထွေလူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၇,၉၄၃,၈၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် ပဲခူးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့က ဘုရားကြီးတိုးဂိတ် အနီး၌ ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်နေစဉ် မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ခရီးသည်တင် မော်တော်ယာဉ်(၁)စီးပေါ်မှ စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော ဆန်စက်အပိုပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၇၀,၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Yutong Express အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၁,၄၇၀,၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၂၉ ရက်တွင် ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာ ID ကြေငြာထားသည်ထက် ပိုမိုတင်ဆောင်လာသော ကြမ်းခင်းကော်ဇော်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၀၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ကုန်တင်ယာဉ်(၁)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော လက်ကိုင်အိတ်မျိုးစုံ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၅၆၁,၂၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Mitsubishi Fuso အမျိုးအစား ကုန်တင်ယာဉ်(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၅၆၁,၂၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာ၊ တံတားထိပ်စစ်ဆေးရေးဂိတ်အနီး၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လိုင်စင်မဲ့ CANDA 125 အမျိုးအစား ဆိုင်ကယ်(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇)မှု၊
(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၅,၃၇၅,၅၇၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
(သတင်းစဉ်)
No comments