“ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” ဆောက်လုပ်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော် ဩဂုတ် ၃
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ဦးဆောင်၍ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၌ တည်ဆောက်မည့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” ဆောက်လုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များ၊ တင်ဒါကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာ”ကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံ ငွေဖြင့် တည်ဆောက် မည်ဖြစ်သည့်အတွက် နိုင်ငံတကာ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အဆိုပါစင်တာတွင် သက်မွေးပညာ ကာလတို သင်တန်းများကို ဖွင့်လှစ်ပို့ချပေးသွားမည် ဖြစ်ပြီး တိုင်းရင်းသားများ အချင်းချင်း တွေ့ဆုံနှီးနှောဖလှယ်နိုင်သည့်နေရာ၊ အစည်းအဝေးများ၊ အခမ်းအနားများ ကျင်းပပြုလုပ်နိုင်သည့်နေရာ (Community Center) အဖြစ် ရည်ရွယ်ထား ပါကြောင်း၊ တင်ဒါကော်မတီတွင် ဆောက်လုပ်ရေးလုပ်ငန်း အတွေ့အကြုံရှိသည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သည့်အတွက် တည်ဆောက်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို စံချိန်စံညွှန်းသတ်မှတ်ခြင်းနှင့် အမှတ်ပေးပုံစံများ ပြုစုခြင်းဆိုင်ရာ နည်းလမ်းကောင်းများ ဆွေးနွေး ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ ဘက်ပေါင်းစုံမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးပါက “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာ”ကို အရည်အသွေးပြည့်ဝစွာဖြင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးက “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” အတွက် မြေနေရာရရှိရေး၊ ဂရန်ရရှိရေး ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်က စင်တာတည်ဆောက်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်ကြသူများက အကြံပြုဆွေးနွေးတင်ပြကြပြီး တည်ဆောက်ရေး တင်ဒါ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)
No comments