ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တက္ကသိုလ်ပါမောက္ခချုပ်များ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ တိုင်းဒေသကြီးပြည်နယ် ပညာရေးမှူးများ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
နေပြည်တော် ဩဂုတ် ၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာနရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေး ဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ အခြေခံပညာဦးစီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်ပညာ ရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံးအမှတ် ၁၃၊ ပညာရေး ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် သုတေသနစက်ပစ္စည်းများကို အတော်အသင့် ဖြည့်ဆည်းပေးပြီးဖြစ်သဖြင့် တက္ကသိုလ်အားလုံးတွင် သုတေသနလုပ်ငန်းများကို စတင်ဆောင်ရွက်ကြရမည် ဖြစ်ပြီး ဌာနကြီးများအနေဖြင့် အနည်းဆုံး သုတေသန ၃ ခု မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ဆောင်မည့်သုတေသန စာရင်းကို ခန့်မှန်းသုတေသနအသုံးစရိတ်နှင့်အတူ ဦးစီးဌာနသို့ ဩဂုတ်လကုန် နောက်ဆုံးထား၍ စာရင်းပေးပို့ကြစေလိုပါကြောင်း၊ ဒုတိယပါမောက္ခချုပ်များအတွက် စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေး ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး သင်တန်းများကို ဩဂုတ်လကုန်တွင် လည်းကောင်း၊ အသစ် ခန့်အပ်ထားသော နည်းပြ၊ သရုပ်ပြများနှင့် ထပ်မံခန့်အပ်မည့် နည်းပြ၊ သရုပ်ပြ အသစ်များအတွက် သင်ပြနည်းနှင့် စွမ်းရည်မြှင့် တစ်လသင်တန်းများကို စက်တင်ဘာလတွင်လည်းကောင်း ဖွင့်လှစ်မည် ဖြစ်ပါကြောင်း။
တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကျောင်းများအတွက် ကျောင်းဆောင် လိုအပ်ချက် တင်ပြတောင်းခံရာတွင် ဆောက်လုပ်ရန် မြေနေရာကို Master Plan နှင့် တိုက်ဆိုင်စစ်ဆေးပြီးမှ တင်ပြကြရန်နှင့် စနစ်တကျ ကြီးကြပ် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနက ဖွဲ့စည်းပေးထားသော အင်ဂျင်နီယာအဖွဲ့နှင့် သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှ အင်ဂျင်နီယာများပူးပေါင်း၍ တည်ဆောက်ရေးလုပ်ငန်းများ၏ အရည်အသွေး ပြည့်မီရန်အတွက် လာရောက်စစ်ဆေး ကြည့်ရှုရာတွင် ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်း၊ မိမိတို့၏ဒေသ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် မည်သည့်အခက်အခဲ ပင်ရှိပါစေ ရှေ့သို့ဆက်လက် လျှောက်လှမ်းနိုင်ရန်အတွက် စည်းရုံးရေးဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ကိန်းဂဏန်း အချက်အလက်၊ စာရင်းဇယားများမှန်ကန်ရေး၊ မှတ်တမ်းဓာတ်ပုံများ ထိန်းသိမ်းထားရှိရေး၊ အားကစားပွဲများ ကျင်းပရေး၊ တက္ကသိုလ်များဆိုင်ရာ ပညာရေး ပြက္ခဒိန်နှင့်အညီ အကောင်အထည်ဖော်ရေး၊ Grade 12 နှင့်ချိတ်ဆက်၍ တက္ကသိုလ် သင်ရိုး ညွှန်းတမ်းများကို ပြန်လည်သုံးသပ်ရေးဆွဲရေး၊ နိုင်ငံတကာနှင့် ပြည်တွင်းသုတေသန ဂျာနယ်များတွင် သုတေသနစာတမ်းများ ပါဝင်ရေး သားရေး၊ Naypyitaw State Academy ဖွင့်လှစ်ရေးကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ရာထူးတိုးပြောင်းကိစ္စရပ်များ စနစ်တကျ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရေး၊ မွမ်းမံသင်တန်းများ ပို့ချရေး၊ ဖြည့်စွက်အာဟာရ ကျွေးမွေးရေးနှင့်စပ်လျဉ်း၍ ဆွေးနွေး မှာကြားသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းနှင့် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက် ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments