အစိုးရနည်းပညာအထက်တန်းကျောင်(ဘားအံ)၌ သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်းများ ဆင်းပွဲကျင်းပ



ဘားအံ ဩဂုတ် ၁

ကရင်ပြည်နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)တွင်ဖွင့်လှစ်သည့် သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်း အပတ်စဉ်(၃/၂၀၂၂) အခြေခံကွန်ပျူတာသင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်းနှင့် ဆံပင်ညှပ် သင်တန်းများ ဆင်းပွဲကို ဩဂုတ်လ ၁ ရက်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အဆိုပါသင်တန်းကျောင်း နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသား/သူများအနေဖြင့် စာတွေ့၊ လက်တွေ့သင်ခန်းစာများကို ကြိုးကြိုးစားစားလေ့လာမှတ်သားခဲ့မည်ဆိုပါက မိမိတို့၏ဘဝတွင် ခိုင်မာသည့်အသက် မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်နိုင်ကြလိမ့်မည်ဖြစ်ကြောင်း၊ သင်ယူရရှိခဲ့သည့် အသိပညာ၊ ဗဟုသုတများနှင့် ကျွမ်းကျင်မှုများကို အသုံးချပြီး တတ်ကျွမ်းသွားသည့်ပညာရပ်များဖြင့် မိမိဒေသအကျိုး ရပ်ရွာအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်တို့ အခြေခံကွန်ပျူတာသင်တန်း၊ အဆင့်မြင့်စက်ချုပ် သင်တန်းနှင့် ဆံပင်ညှပ်သင်တန်းတို့တွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးဦးကျော်စိုးက သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ချီးမြှင့်ကာ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးဦးဇော်ဝင်းက သင်တန်းနည်းပြဆရာ၊ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

ယင်းနောက် သင်တန်းဆင်း သင်တန်းသား၊သင်တန်းသူများကိုယ်စားသင်တန်းသားတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အကြီးအကဲများသည် သင်တန်းသား/သူများ၏ သင်တန်းဆင်းလက်ရာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

 

သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်း အပတ်စဉ်(၃/၂၀၂၂)တွင် အခြေခံကွန်ပျူတာသင်တန်း၌ သင်တန်းသား/သူ (၁၇)ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်း၌ သင်တန်းသား/သူ (၁၂)ဦး၊ ဆံပင်ညှပ်သင်တန်း၌ သင်တန်းသား/သူ (၁၁)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာတစ်လကြာမြင့်ကာ လက်တွေ့နယ်ပယ်တွင် ကျွမ်းကျင်သင်တန်းနည်းပြ ဆရာ၊ဆရာမများက စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)


No comments

Powered by Blogger.