အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ ၁၈ ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးကျင်းပ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်




နေပြည်တော် နိုဝင်ဘာ ၂၂  


အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ ASEAN-PAC) ၏ (၁၈)ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးကို ယနေ့တွင်   ကမ္ဘောဒီးယား နိုင်ငံ ဖနောင်ပင်မြို့ Hyatt Regency Phnom Penh ဟိုတယ်၌ကျင်းပရာ မြန်မာနိုင်ငံအဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။


(၁၈) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက် ဖျက်ရေးအဖွဲ့ (Anti-Corruption Unit - ACU) ဒုတိယဥက္ကဋ္ဌ H.E YONN SINAT နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆမ်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။


ထို့နောက် ASEAN-PAC အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့(Anti-Corruption Unit-ACU) ဥက္ကဋ္ဌ H.E. Kittinitikosalbindit Om Yentieng က အဖွင့်အမှာစကား ပြောကြားသည်။


အစည်းအဝေးသို့ ASEAN-PAC အဖွဲ့ဝင်နိုင်ငံများရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီများမှ အကြီးအကဲများနှင့် မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း (၅၉) ဦး ပါဝင်တက်ရောက်ကြသည်။ 


အခမ်းအနားတွင် မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ASEAN-PAC နားလည်မှုစာချွန်လွှာ (Memorandum of Understanding-MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်၍ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘော ဒီးယားနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ACU)  ဥက္ကဋ္ဌ၊ Senior Minister ၊ H.E. Kittinitikosalbindit Om Yentieng နှင့်တွေ့ဆုံကာ နှစ်နိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။


ထို့နောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (Memorandum of Understanding -MoU) ကို လက်မှတ်ရေးထိုးကြသည်။


နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံအကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ သတင်း အချက်အလက်များဖလှယ်ရန်၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များဖြစ်သည့် စစ်တမ်းကောက်ယူခြင်း၊ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်ခြင်း၊ ဖြောင့်မတ်တည်ကြည် မှုမြှင့်တင်ခြင်းနှင့် နည်းပညာ အထောက်အကူပြု ကျွမ်းကျင်သင်တန်းများ ဖွင့်လှစ်နိုင်ရေးတို့ကို ပူးပေါင်းဆောင်ရွက်နိုင်ရေးရည်ရွယ်၍ လက်မှတ်ရေးထိုး ခြင်းဖြစ်သည်။


မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးခိုင်မာ အားကောင်း စွာတည်ဆောက်ထားနိုင်ပြီး ယခုကဲ့သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးပူးပေါင်း ဆောင်ရွက်မှုနားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအားကောင်းအောင် တည်ဆောက်နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေးနယ်ပယ်တွင် အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်းများကို အပြန်အလှန်မျှဝေခြင်းဖြင့် ထိရောက်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုများကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.