ဆောက်လုပ်ရေးဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် နည်းပညာဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ ပိတ်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၂၂
ဆောက်လုပ်ရေးဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် နည်းပညာဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၁) စုပေါင်းခန်းမ၌ ကျင်းပသည်။
စာတမ်းဖတ်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက (၂)ရက်တာအတွင်း စာတမ်းပေါင်း(၁၈)စောင်ဖတ်ကြားနိုင်ပြီး စာတမ်းရှင်များ၏ ကြိုးစားရှာဖွေ ထားသော အချက်အလက်များကို မူလရည်ရွယ်ရင်း အနှစ်သာရများပေါ်လွင်အောင် ဖတ်ကြားနိုင်သည်ကို တွေ့မြင်ရကြောင်း၊ အလွယ်တကူရသော စာတမ်းအဟောင်းများကို ပြန်လည် ဖတ်ကြားခြင်းမျိုးမဟုတ်ပဲ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဦးဆောင် ဖော်ထုတ်သော အကြောင်းအရာများနှင့် လျော်ညီသည့် ခေါင်းစဉ်များဖြစ်သည့်အတွက် ဌာနအတွက်ရော၊ နိုင်ငံအတွက်ပါ အသုံးဝင်သော စာတမ်းများဖြစ်သည်ကို တွေ့မြင်ရကြောင်း။
ယခုစာတမ်းများအားလုံးသည် ပညာရပ်ဆိုင်ရာ အဆင့်အတန်းရှိပြီး လုပ်ငန်းခွင်တွင် လက်တွေ့လိုက်နာစရာ စာတမ်းများဖြစ်သော်လည်း သုတေသနပြုချက်ပါ လိုက်နာရမည့် နည်းပညာ၊ နည်းဥပဒေသများကို လုပ်ငန်းများတွင် အသုံးချမှု နည်းနေသေးကြောင်း၊ နည်းပညာများ၊ သုတေသနအချက်အလက်များကို ရုံးချုပ်တွင် စုစည်းသိမ်းထားခြင်းမျိုးမလုပ်ဘဲ အောက်ခြေလုပ်ငန်းခွင်များ၌ပါ လက်တွေ့အသုံးချနိုင်အောင် စီစဉ်ကူညီပေးကြရန် မှာကြား လိုကြောင်း ပြောကြားသည်။
ယခုကျင်းပသည့် စာတမ်းဖတ်ပွဲတွင် နိုင်ငံတကာတွင် ရေပန်းစားနေသည့် လျှပ်စစ်ကားဆိုင်ရာ အကြောင်းအရာ၊ Steel Fibre Reinforcement ကဲ့သို့သော အကြောင်းအရာ၊ ပြည်တွင်း၌ တည်ဆောက်မှုများပြားလာသော AC လမ်းများအပေါ် Quality Management စသည့် Sustainable road development ၊Bridge Maintenance and Repairing ၊ Housing Barometer စသည့် မြို့ပြအိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ခေါင်းစဉ်များဖြင့် တက်ကြွစွာ ဆွေးနွေးဖတ်ကြားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments