သက်မွေးပညာရပ်များကိုသင်ယူ၍ ပြန်လည်အသုံးချနိုင်ခြင်းအားဖြင့် ပိုမိုကောင်းမွန်သည့်ဝင်ငွေနှင့် လူမှုစီးပွား ဘဝများကို ပိုင်ဆိုင်နိုင်မည်
ဘားအံ နိုဝင်ဘာ ၂၂
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ကရင်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေ ခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ကော်မတီကကြီးမှူးဖွင့်လှစ်သည့် သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်များဖွင့်ပွဲသို့ တက်ရောက်ပြီး စိုက်ပျိုးရေးသိပ္ပံ (ဇွဲကပင်)ရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေ ခြင်းခံရသော ကလေးအလုပ်သမား များဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သည့် သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်များဖြစ်သော ဆံပင်ညှပ်သင်တန်း၊ အခြေခံကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်း ဖွင့်ပွဲများကို ယနေ့နံနက် ၈ နာရီတွင် အစိုးရနည်းပညာ အထက်တန်းကျောင်း(ဘားအံ) နှစ်ထပ်ဆောင်အစည်း အဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားပြီး ဆံပင်ညှပ်သင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူ ၂၀ ၊ အခြေခံကွန်ပျူတာ သင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူ ၁၁ ဦးနှင့် စက်ချုပ်သင်တန်း တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးတို့အတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများကို အားပေးစကားပြောကြားကာ လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံရင့် သင်တန်းဆရာ၊ ဆရာမများက စာတွေ့လက်တွေ့ သင်ကြား၊ သင်ယူနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံ ဌာနခွဲ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)တွင် မွေးမြူရေးဒီပလိုမာသင်တန်းကျောင်း တွဲဖက်ဖွင့် လှစ်နိုင်ရေး လိုအပ်သည့် အခြေခံအဆောက်အဦများ တည်ဆောက်နေမှုနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ(ငွေလုံးငွေရင်း)အသုံးစရိတ်ဖြင့် ဆောင်ရွက် လျက်ရှိသော ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်၊ RC တစ်ထပ် လက်တွေ့ဆောင်၊ အရှည် ပေ (၃၁၆၀) အကျယ် ၁၄ ပေရှိ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း၊ Steel Structure အမျိုးအစား ဝက်မွေးမြူရေးခြံ၊ အသားတိုးကြက်မွေးမြူရေးခြံ၊ Steel Structure အမျိုးအစား နွားမွေး မြူရေးခြံ၊RC ခြံလုပ်သားအိမ်ရာ၊ RC အမျိုးအစား အစာဂိုဒေါင်၊ ငါးသားဖောက်ရုံ၊ အသားတိုး ကြက်မွေးမြူရေးခြံ၊ RC အမျိုးအစား နှစ်ထပ်စာသင်ဆောင် တည်ဆောက်ရေး လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ယူ တည်ဆောက်လျက်ရှိသော ကုမ္ပဏီများမှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ တည်ဆောက်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments