တာချီလိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်သည့်စခန်းမှ ငွေကျပ် ၂ ဒသမ ၁၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
နေပြည်တော် နိုဝင်ဘာ ၂၃
တာချီလိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်သည့်စခန်းမှ ငွေကျပ် ၂ ဒသမ ၁၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ နိုဝင်ဘာ ၁၂ ရက် နံနက် ၆ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တစ်ရာ ကုတ်ကျေးရွာအနီးရှိ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်သည့်စခန်းကို ဝင်ရောက်စီးနင်း ရှာဖွေရာ ကျော်စိန်၊ ကျားယော်၊ ကျကော့၊ ကျလော၊ ကျကျိုး၊ ဒါယေလ၊ အိုက်ရီ(ခ)ကျိုင်းရီနှင့် ကျယု တို့ ၈ ဉီးအား ဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၁၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၇၃၃ သန်း၊ စိတ်ကြွဆေးအကြေမှုန့် ၂၅၃ ကီလို၊ ဘိန်းစိမ်း ၃ ကီလို၊ ကဖင်း ၂၉ကီလို၊ AK-47 သေနတ် ၂ လက်၊ ၎င်းကျည် ၁၀ တောင့်၊ အမ်-၂၂ သေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ ပွိုင့်-၂၂ သေနတ် ၁ လက်၊ ၁၂ ဗို့ ပြောင်းရှည်သေနတ် ၁ လက်၊ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်သည့် ဆေးပြားရိုက်စက် ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီတွင် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်း ကျေးရွာရှိ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်သည့်စခန်းပိုင်ရှင် ဘောဇ(ခ)ဘောစနှင့် ဂျိုးဇက် (ခ)ကဲဘာ တို့၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၁,၃၆၀ ၊ စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် မွှေစက်အသေး ၁ လုံး၊ ကျကော့ ၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေး ၇,၃၉၂ ပြား၊ စိတ်ကြွ ဆေးအကြေမှုန့် ၇၀၀ ဂရမ်တို့ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထား ရှိပြီး မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင် ရောင်းဝယ်သူများပိုင်ဆိုင်သည့် ငွေကြေးအကျိုးအမြတ် များနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေးနှင့် ကွင်းဆက်ပြစ်မှုကျူးလွန် သူများ အား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)
No comments