ဘားအံမြို့နယ် မိန်းမလှကျွန်းကျေးရွာ၌ ရှမ်းနှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပ



ဘားအံ နိုဝင်ဘာ ၂၃


ရှမ်းတိုင်းရင်းသားလူမျိုးများ ပျံ့နှံ့နေထိုင်ရာ နေရာဒေသအသီးသီးတွင် နှစ်စဉ်ကျင်းပလျက်ရှိသော ရှမ်းနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ အခြေခံပညာ ကျောင်းဝင်းအတွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ဆောင်ရွက်တော်မူသော ရေလဲဆရာတော် ဘဒ္ဒန္တဝိ စိတ္တက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပနိုင်ရေးအတွက် ငွေကျပ် သိန်း (၁၀၀) ကို ထောက်ပံ့ပေးအပ်ရာ မိန်းမလှကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းလှထွန်းက လက်ခံရယူပြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ရှမ်းနှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ ကြွရောက်တော်မူပြီး သဘာပတိအဖြစ် ဆောင်ရွက်ပေးတော်မူကြသော ရေလဲဆရာတော် ဘဒ္ဒန္တဝိစိတ္တနှင့် ရှမ်းဆရာတော်ကြီးနှစ်ပါးတို့အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ရှမ်းစာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းမှ ရှမ်းရိုးရာ အကအလှများဖြင့် သီဆိုကပြ ဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ ခင်းကျင်းပြသထားသော ရှမ်းစာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု တူရိယာပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထုံးအိုင်ကျေးရွာ ကွင်းအမှတ် ၁၂၂၉ ရှိ တောင်သူ ဦးခင်သောင်း၏ ဆောင်းသီးနှံ (ပဲတီစိမ်း) စိုက်ခင်း၌ ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန၏ ရွက်ဖျန်းမြေဩဇာ စုပေါင်းပက်ဖျန်းခြင်း ကွင်းသရုပ်ပြပွဲကိုလည်းကောင်း၊ တောင်သူဦးကျော်ရှိန်၏ မြေပြန့်မြေပဲစိုက်ပျိုးထားရှိမှုနှင့် မြေဆွပေါင်းသင် ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်







No comments

Powered by Blogger.