ရော်ဘာဈေးနှုန်း ကျဆင်းနေသော်လည်း ဒေသအတွင်း ရောင်းဝယ်မှုများရှိနေ




သုဝဏ္ဏဝတီမြို့ နိုဝင်ဘာ ၂၅


မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့အနီး ပတ်ဝန်းကျင်ကျေးရွာများရှိ တစ်နိုင်တစ်ပိုင် ရော်ဘာစိုက် တောင်သူများသည် ရော်ဘာဈေးနှုန်းများ ကျဆင်းနေသော်လည်း မိသားစု စားဝတ်နေရေးအရ ဆက်လက်လုပ်ကိုင် ရောင်းဝယ်နေကြဆဲဖြစ်ကြောင်း သိရသည်။


ရော်ဘာရာသီအစဖြစ်သော စက်တင်ဘာလတွင် ရော်ဘာမှိုင်းကျ တစ်ပေါင်လျှင် ကျပ် ၁၅၀၀ ခန့် ရရှိသော်လည်း ယခု နိုဝင်ဘာလကုန်ပိုင်းတွင် တစ်ပေါင် ကျပ် ၁၁၀၀ ခန့် ဈေးကျဆင်းလာသောကြောင့် ရော်ဘာလုပ်ငန်း လုပ်ကိုင်နေကြသူများသည် ယခုလက်ရှိ ကုန်ဈေးနှုန်းများအရသော်လည်းကောင်း၊ ရော်ဘာဈေးနှုန်းများ မတည်ငြိမ်မှုတို့ကြောင့် အခက်အခဲများ ရှိနေကြကြောင်း သိရသည်။ တစ်နိုင်တစ်ပိုင် ရော်ဘာခြံလုပ်ငန်းများ လုပ်ကိုင်နေကြသူများအနေဖြင့် ရော်ဘာထုတ်ကုန်များကို သိုလှောင်သိမ်ဆည်းမထားနိုင်၍ ရရှိလာသည့် ရော်ဘာပြားများအား မှိုင်းမတင်တော့ဘဲ နေလှန်းပြားများအဖြစ်သာ ရောင်းချနေရကြောင်း၊ အလုပ်သမားလစာ၊ အထွေထွေကုန်ကျစားရိတ်များ ကာမိအောင် တစ်လတစ်ခါ ရရှိသည့် ရော်ဘာပြားများကို အဝယ်ဒိုင်ကပေးသည့်ဈေးဖြင့်သာ ရောင်းချနေရကြောင်းကို သထုံမြို့နယ် ဝင်းပကျေးရွာမှ ဒေါ်မြင့်အေးက  ပြောပြသည်။


ရော်ဘာဈေးနှုန်းကျဆင်းလာသည့်အပေါ် တိကျစွာ ပြောဆိုနိုင်ခြင်းမရှိကြောင်း၊ ရော်ဘာပြား၏ အရည်အသွေး၊ အစို/အခြောက်အပေါ် မူတည်၍ ဈေးဖြတ်ဝယ်ယူကြောင်း၊ မြို့ကြီးများမှ အဝယ်ဒိုင်များက မှာယူ၊ ဈေးဖြတ်၊ အော်ဒါရမှသာ ရော်ဘာအရည်အသွေးကိုကြည့်၍ ဈေးဖြတ် ဝယ်ယူရကြောင်း၊ နေလှန်းပြားများကိုသာ အများဆုံး ဝယ်ယူရကြောင်းနှင့် နေ့စဉ် ပေါင် တစ်သောင်းရှစ်ထောင်ကျော်ခန့် ဝယ်ယူရရှိကြောင်းကို သုဝဏ္ဏဝတီမြို့မှ ရွှေလက်ဆောင် ရော်ဘာရောင်းဝယ်ရေးဆိုင်မှ ဦးထင်လင်းစိုးက ပြောသည်။


ယခု မွန်ပြည်နယ်တွင် ဝယ်ယူနေသော ရော်ဘာပေါက်ဈေးသည် မြို့နေရာ၊ ကျေးရွာဒေသအလိုက် ဈေးနှုန်း ကွာခြားချက်များ ရှိနေပြီး၊ ဈေးနှုန်းမတည်ငြိမ်မှုက တစ်နိုင်တစ်ပိုင် ရော်ဘာလုပ်ငန်း လုပ်ကိုင်နေကြသူများအတွက် အခက်ကြုံစေပြီး၊ အိမ်နီးချင်းနိုင်ငံများ၏ ရော်ဘာဈေးကွက်ထက် ဈေးနှုန်းကျဆင်းနေကြောင်း သိရသည်။


ခွန်(ဝင်းပ)

No comments

Powered by Blogger.