အင်္ဂပူမြို့နယ် တပ်ကုန်းကျေးရွာအနီးရှိ ကညင်ရေလှောင်တမံတွင် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့်အခြေအနေ ကြည့်ရှုစစ်ဆေး



နေပြည်တော်   ဒီဇင်ဘာ   ၂၃


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် တပ်ကုန်းကျေးရွာအနီးရှိ ကညင်ရေလှောင်တမံတွင် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်မှ   လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၉) ညွှန်ကြားရေးမှူး ဦးညီညီလွင်နှင့် တာဝန်ရှိသူများ က ကညင်ရေလှောင်တမံဆိုင်ရာ အချက်အလက်များ၊ ရေလှောင်တမံ အတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ စိုက်ပျိုးရေဖြန့်ဖြူးပေး ဝေမှုအခြေအနေ၊ အသေးစား ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်တို့မှ  လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး အကြိုစူးစမ်း လေ့လာမှု ပြုလုပ်ထားသည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိမှုသည် အဓိကကျသည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ သဘာဝအရင်းအမြစ်များရရှိမှုအပေါ် အခြေခံ၍ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် ရေအားနှင့် နေရောင်ခြည် စွမ်းအင်တို့မှ လျှပ်စစ်ဓာတ်အားထုတ်ယူရရှိနိုင်သည့် စီမံကိန်းအသစ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊  ယခုကညင်ဆည်တွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာနမှ ခွင့်ပြုခဲ့သော အကြိုဖြစ်မြောက် နိုင်စွမ်းလေ့လာ ထားချက်များအရ ရေအားလျှပ်စစ်မှ    ၉ ဒသမ ၉ မဂ္ဂါဝပ်ရရှိနိုင်ပြီး နေရောင်ခြည်စွမ်းအင်မှ မဂ္ဂါဝပ် ၂၀ ခန့် ရရှိနိုင်သဖြင့် Hybrid Power System အရ စုစုပေါင်း ၂၉ ဒသမ ၉  မဂ္ဂါဝပ်ခန့် ထွက်လာနိုင်မည်ဖြစ်သဖြင့် စီမံကိန်းတစ်ခုချင်းစီအလိုက် တိုင်းဒေသကြီး၏ အစီအစဉ်ဖြင့်    အမြန်ဆုံးဆက်လက်ဆောင်ရွက်နိုင်ရန် နည်းပညာအရ လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင်လည်း အခြားသော အရင်းအမြစ် ဖြစ်သည့် လေအားလျှပ်စစ်စီမံကိန်းများကိုလည်း  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်   စီမံဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်မီးရရှိလာပါက စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့် အလမ်းများ လည်း ရရှိလာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် စီမံကိန်းအား အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်တို့ကို မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကညင် ရေလှောင်တမံပေါ်သို့ရောက်ရှိပြီး တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ အသေးစား ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်တို့မှ  လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး အကြိုစူးစမ်း လေ့လာမှု ပြုလုပ်ထားသည့်နေရာများကို ကြည့်ရှု စစ်ဆေးသည်။


ဝိုင်းဝန်းဆောင်ရွက်

ထို့နောက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး   တိုင်း/ ခရိုင်/ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး တိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့်ပတ်သက်၍ ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိရေးသည် အဓိကကျ သဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေရန် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို တိုးတက်ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊  တစ်ဖက်တွင်လည်း NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ ဖျက်ဆီးထားသော လျှပ်စစ်ဓာတ်အားလိုင်း များကိုလည်း ပြုပြင်ဆောင်ရွက်နိုင်ရေး   စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ ယခုကာလမှစတင်၍ လာမည့်‌နွေရာသီကာလအထိ လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ်ဖြန့်ဖြူး ပေးနိုင်ရေး ဆည်များသို့ ဝင်ရောက်နေသည့်ရေများကို စနစ်တကျသိုလှောင်၍ ထိန်းသိမ်းမောင်းနှင် ပေးလျက်ရှိကြောင်း၊   ယခုအချိန်ကာလတွင်  လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နှင့် သုံးစွဲမှုမမျှတသည့်အတွက် ခွဲဝေရရှိသည့်ဓာတ်အားကို မျှတစွာ ခွဲဝေဖြန့်ဖြူးသွားရန် လိုအပ်ကြောင်း၊  မီးသုံးစွဲသူပြည်သူများမှ မိမိတို့ရရှိသည့်အချိန်ကို ကြိုတင်သိရှိပြင်ဆင်နိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် ကြိုတင်အသိပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားပျောက်ဆုံး မှုနှင့် ဓာတ်အားပြတ်တောက်မှု  လျော့နည်းကျဆင်းရေး၊   လျှပ်စစ်ဓာတ်အားခကျသင့်ငွေများ   အပြည့်အဝ ကောက်ခံရရှိစေရေး တိုင်း/ခရိုင်/ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများက ဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းနှင့် ဓာတ်အားခ ကောက်ခံခြင်းလုပ်ငန်းများကို တက်ညီလက်ညီ  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်အောင်စေတနာထား၍ ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း  သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.