ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး



ရန်ကုန်    ဒီဇင်ဘာ   ၂၃


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊  အပြည်ပြည်ဆိုင်ရာ  ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့နှင့်   မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ    ဝါရင့်အကြံပေး အဖွဲ့ဝင်များ၊    အမှုဆောင်အဖွဲ့ဝင်များ   တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင်   ရန်ကုန်မြို့ရှိ   မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့က ဆွေးနွေး ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြဋ္ဌာန်းထားသော နိုင်ငံရေးဦးတည်ချက် များနှင့် လုပ်ငန်းစဉ်များအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော အခြေအနေများ၊ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အချုပ်အခြာအာဏာပိုင်  နိုင်ငံ တစ်နိုင်ငံ၏  ပြည်တွင်းရေးအပေါ် ဝင်ရောက်စွက်ဖက်နေသော  ဆောင်ရွက်ချက်များ အပေါ်  တုံ့ပြန်ဆောင်ရွက်နေမှုများ၊ အာဆီယံ၏ တူညီဆန္ဒ(၅)ချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊  ဒေသတွင်းနှင့်   နိုင်ငံတကာရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊    စိန်ခေါ်မှုအခြေအနေများနှင့်   စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး  မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံ၏ ရပ်တည်ချက်၊    မူဝါဒနှင့်   အကောင်အထည်ဖော် ဆောင်ရွက်ချက်တို့ကို ဒေသတွင်းနှင့် နိုင်ငံတကာမှ သိရှိစေရန် သံတမန်လမ်းကြောင်း (၁.၅)၊ သံတမန် လမ်းကြောင်း(၂) တို့ဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး၊   နိုင်ငံ့အကျိုးဖြစ်ထွန်းစေမည့်  မူဝါဒပိုင်း ဆိုင်ရာ အကြံဉာဏ်များ၊ လေ့လာသုံးသပ်ချက်များကို စဉ်ဆက်မပြတ်   တင်ပြနိုင်ရေးနှင့်   နိုင်ငံတကာ အဆင့်မီ သုတေသနစာတမ်းများ ရေးသားပြုစုနိုင်ရေး တိုက်တွန်းပြောကြားသည်။


ထို့နောက်     တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြပြီး ပညာရှင်များရှုထောင့်မှ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။


အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့     မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ၊ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန       အမြဲတမ်း အတွင်းဝန် ဦးချမ်းအေး၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

No comments

Powered by Blogger.