နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား



နေပြည်တော်    ဒီဇင်ဘာ   ၂၄


ယနေ့ကျရောက်သည့်   (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ နယ်မြေခံရေတပ် လေ့ကျင့်ရေး ဌာနချုပ် သီရိမဟာဇေယျကျော်ထင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ချီးမြှင့်၍ အမှာစကား ပြောကြားသည်။


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊   အငြိမ်းစားကာကွယ်ရေး ဦးစီးချုပ်(ရေ)များနှင့် ဇနီးများ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့်ဇနီးများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)   ဗိုလ်ချုပ်ကြီးမောင်မောင်အေး နှင့်ဇနီး၊  ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊     ကာကွယ်ရေးဦးစီးချုပ်(လေ)     ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊   ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊   ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊       ရေတပ်စခန်းဌာနချုပ်မှူးများနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၊ မိသားစုများ၊ ဖိတ်ကြားထားသည့်       ဧည့်သည်တော် ကြီးများ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့ ကို ဂုဏ်ပြုသောအားဖြင့် အမှာစကားပြောကြားရာတွင်  ယနေ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ သည် တပ်မတော် (ရေ)၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ပင်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)ကိုဖွဲ့စည်းပြီး ၁၁ ရက်အကြာတွင်  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်  လွတ်လပ်ရေးရရှိခဲ့သည့် အတွက်   အတိတ်ကောင်း၊ နိမိတ်ကောင်းများ ဆောင်ကြဉ်းပေးခဲ့သည်ဟု ယူဆနိုင်သကဲ့သို့ လွတ်လပ်ရေး နှင့်အတူ     ပေါက်ဖွားလာခဲ့သည့် တပ်ဖွဲ့တစ်ခုလည်းဖြစ်သည်ဟု ဆိုနိုင်ပါကြောင်း။


မိမိတို့ တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်  ဖွဲ့စည်းထားသော   မျိုးချစ်ပြည်ထောင်စု တပ်မတော်ဖြစ်ကြောင်း၊ နိုင်ငံတော် အပေါ် ကျရောက်လာနိုင်သည့် ပြည်တွင်း၊ ပြည်ပအန္တရာယ်များကို ကာကွယ်တားဆီး န် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းဖြစ်ပြီး ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ကာ   ပြည်သူများနှင့်လက်တွဲ၍  အသက်၊ သွေး၊   ချွေးပေါင်းများစွာ ပေးဆပ်ဆောင်ရွက်ခဲ့ကြသည်ကို ခေတ်အဆက်ဆက် အထင်အရှားတွေ့မြင် ရမည်ဖြစ်ကြောင်း။


မိမိတို့နိုင်ငံ ကုန်းမြေဧရိယာ၏ တစ်ဝက်ကျော်ရှိသည့်  ရေပြင်ဧရိယာသည်    စတုရန်းရေမိုင်ပေါင်း ၁၄၄၉၁၂ မိုင်ရှိပြီး  ရေပေါ်ရေအောက်    အဖိုးတန်သယံဇာတများ၊ ရေသတ္တဝါများ   နားခို ကျက်စားရာ နေရာများနှင့် ကျွန်းကြီး၊ ကျွန်းငယ်များ၊ ပင်လယ် ကမ်းရိုးတန်း   သဘာဝ အလှတရားများစွာတို့နှင့် ပြည့်နှက်နေကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေ ရေးအတွက်   ပင်လယ်ပြင်မှ   အဓိကဖော်ဆောင်ပေးနေသည်ကို  တွေ့ရမည်ဖြစ်ကြောင်း၊ မြန်မာ့ရေပြင်သည် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်တို့ကို ပိုင်ဆိုင်ထားရှိပြီး   ကုန်သွယ်ရေလမ်းကြောင်းများ ထိန်းချုပ်နေရာ(Choke Point)များကို  စိုးမိုးချုပ်ကိုင်ထားနိုင်သော   သဘာဝကပေးသည့်   ထူးခြားသောလက်ဆောင်ကောင်းများ ရရှိထားခဲ့သည်ကို   တွေ့မြင်ရ ကြောင်း၊   ထို့အပြင် အမေရိကန်၏ Indo-Pacific Strategy ၊ တရုတ်၏ Two Ocean Strategy၊  အိန္ဒိယ၏ Act East Policy တို့ ဆုံမှတ်နေရာဖြစ်နေသည်ကိုလည်း သတိပြုဖွယ် တွေ့ရှိရမည် ဖြစ်ကြောင်း၊ ပင်လယ်ပြင်ကို အကျိုးရှိစွာ  အသုံးချနိုင်ရန်ရည်ရွယ်ပြီး    ပင်လယ်ပြင်နှင့် ဆက်စပ်နေသည့်   နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအခြေအနေများကိုသုံးသပ်ကာ မြန်မာ့ ရေကြောင်း အကျိုးစီးပွားများ ကာကွယ်ရန်တပ်မတော်(ရေ)ကို မဟာဗျူဟာအမြင်ဖြင့် စဉ်ဆက်မပြတ် တိုးချဲ့တည် ဆောက်ပေးလျက်ရှိကြောင်း။


တပ်မတော်(ရေ)၏ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက ရှေးမြန်မာမင်းများလက်ထက် ကတည်းက ဖွဲ့စည်းပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၂ ရာစု အစပိုင်းကပင် မြန်မာ့ရေတပ် အစပြုခဲ့ပြီး ၁၈ ရာစု ကုန်းဘောင်မင်းဆက်၊  ရတနာပုံခေတ်၌  ရာထူးဌာနန္တရ၊ ဂုဏ်ထူးအဆောင် အယောင်များနှင့် စနစ်တကျဖွဲ့စည်းနိုင်ခဲ့သည်ကို      တွေ့ရှိရကြောင်း၊ သာယာဝတီမင်း၏  ဒဂုံ ရေကြောင်းချီ အခမ်းအနားသည်  မိမိတို့မြန်မာ့ရေတပ်၏  အရည်အသွေးကို ထုတ်ဖော်ပြသ ခဲ့ခြင်းလည်းဖြစ်ကြောင်း။


သမိုင်းအစဉ်အလာကောင်းခဲ့သည့်   မြန်မာ့ရေတပ်သည် လွတ်လပ်ရေးဆုံးရှုံးပြီး သူ့ကျွန်ဘဝ ရောက်ရှိခဲ့မှုနှင့်အတူ တိမ်မြုပ်ခဲ့ရကြောင်း၊ ၁၉၄၀ ပြည့်နှစ်တွင် ဗမာပြည် ဘုရင့်အပျော်တမ်း အရန် ရေတပ် (BRNVR) ပေါ်ပေါက်လာပြီး ၁၉၄၆ ခုနှစ် တွင် ဗမာပြည်ဘုရင့်အပျော်တမ်း အရန်ရေတပ်ကို အရာရှိ ၇၄ ဦး၊ အခြားအဆင့် ၇၆၃ ဦးတို့နှင့် အမြဲတမ်းရေတပ်အဖြစ်      ပြောင်းလဲဖွဲ့စည်းရန် ပြင်ဆင်ခဲ့ကြောင်း၊ ဖရီးဂိတ် စစ်ရေယာဉ်တစ်စင်းနှင့် ဆိပ်ကမ်းကာကွယ် ရေးရေယာဉ် HDML (Habour Defence Motor Launch) ၁၃ စင်းကိုလည်းထည့်သွင်း ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ဗမာပြည် ဘုရင့်အပျော်တမ်းအရန်ရေတပ် (BRNVR)ကို  “ဗမာ့ရေတပ်မတော် (Burma Navy)” အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့သည့်      ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုများကြောင့်  နိုင်ငံတော်နှင့်ပြည်သူလူ ထု၏       ကာကွယ်ရေးနှင့် လုံခြုံရေးတို့အတွက် တပ်မတော်(ရေ)သည် တပ်မတော်(ကြည်း/လေ) တို့နှင့်အတူ လက်တွဲတိုက်ပွဲဝင်ခဲ့ကြောင်း။


မြန်မာ့ပင်လယ်ပြင်ကို လုံခြုံစွာကာကွယ်ရန်နှင့် ပင်လယ်ပြင်  အကျိုးစီးပွားများကို   ကာကွယ်ရန် အတွက် နိုင်ငံတော်လွတ်လပ်ရေးရရှိပြီးချိန်မှစပြီး ယနေ့အထိ ခေတ်အဆက်ဆက် ရေတပ်သား များသည် ပုခုံးပြောင်းတာဝန် ထမ်းဆောင်ခဲ့ကြကြောင်း၊ တပ်မတော်(ရေ) တိုးတက်ရေးအတွက်  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဆက်ဆက်၏လမ်းညွှန်မှု၊ ကူညီပံ့ပိုးမှုတို့ဖြင့် အစဉ်တစိုက် တည်ဆောက်လာ ခဲ့ကြောင်း၊    ယခုအခါ  စစ်ရေယာဉ်ကြီးများကို ကိုယ်တိုင်      ဒီဇိုင်းရေးဆွဲ တည်ဆောက်နိုင်သည့် တပ်မတော်(ရေ)အဖြစ် တက်လှမ်းနိုင်ခဲ့ကြောင်း။


စစ်ရေယာဉ်ကြီးများကို      ပင်လယ်ပြင်တွင် သမားရိုးကျစစ်ပွဲများ ဆင်နွှဲနိုင်ရန်အတွက် ရည်မှန်း ချက်ထား တည်ဆောက်ပေးနိုင်ခဲ့သကဲ့သို့တပ်မတော်(ရေ)၏    စစ်မဟာဗျူဟာများဖြစ်သည့်  Active Defence Strategy နှင့် Two Sea Strategy အရ ဆက်လက်တည်ဆောက်ရမည့်  စစ်ရေယာဉ်များကိုလည်း လျာထားစီမံတည်ဆောက်လျက်ရှိကြောင်း၊ စစ်ရေယာဉ်များ  တိုးတက် တည်ဆောက်နိုင်ခဲ့ခြင်းကြောင့်   ဖရီးဂိတ်စစ်ရေယာဉ်များနှင့် သီးသန့်စီးပွားရေးဇုန်အတွင်း သမားရိုးကျစစ်ပွဲများကို ဆင်နွှဲ နိုင်သည့် ရေတပ်၊ တရားဥပဒေစိုးမိုးရေးကို   အပြည့်အဝ ထမ်းဆောင်နိုင်သော  ရေတပ်အဖြစ်    ဂုဏ်ယူဝင့်ထည်စွာ ရပ်တည်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း။


တပ်မတော်(ရေ)ကို  တိုက်ပွဲဝင်အသင့်ဖြစ်ရန် အတွက် စစ်ရေယာဉ်အသင့်ဖြစ်မှု၊   လက်နက်နှင့် လက်နက်စနစ်အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှုဆိုသည့် အသင့်ဖြစ်မှု  (၃)ရပ်နှင့်    ပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ စစ်ရေယာဉ် များကို   တည်ဆောက် တပ်တော်ဝင်သည့်နေရာတွင်လည်း ခြိမ်းခြောက်မှုများကို  တုံ့ပြန်တိုက်ခိုက်နိုင် စွမ်းရှိရန် ဖရီးဂိတ်စစ်ရေယာဉ်ကအစ  မြစ်တွင်းအမြန်သွားတိုက်ခိုက်ရေး  စစ်ရေယာဉ်များအဆုံး၊ အထောက်အကူပြုရေယာဉ်များပါမကျန် အမျိုးအစား စုံလင်စွာ စီမံဆောင်ရွက်ပေးခဲ့ကြောင်း၊  ရေယာဉ် ကိုယ်ထည်ဒီဇိုင်းများကိုလည်း  ကိုယ်ပျောက်နည်း ပညာ (Stealth Technology) ဒီဇိုင်းအထိ အဆင့်ဆင့် ပြောင်းလဲခဲ့ပြီး  ကိုယ်တိုင်တိုးတက်တည်ဆောက်လာနိုင်ခဲ့ပြီဖြစ်ကြောင်း၊  မောင်းနှင်မှုစနစ်များတွင်လည်း Waterjet Propulsion စနစ်အသုံးပြုနိုင်ပြီး ရေမိုင် ၄၀ အထက် မောင်းနှင်နိုင်သည့် ရေယာဉ်များအထိ စွမ်းအားမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ မြစ်တွင်းစစ် ရေယာဉ်များတွင်လည်း Armor Plate များ တပ်ဆင်ထားပြီး ထိရောက်စွာ စစ်ဆင်နိုင်စွမ်း ရှိသည့် စစ်ရေယာဉ်များအဖြစ် တည်ဆောက်ပေးခဲ့ ကြောင်း။


ယင်းနေရာ၌ တပ်မတော်(ရေ)၏ တိုက်စွမ်းအားများကို ဖြည့်ဆည်းပေးနေသည့် အင်ဂျင်နီယာတပ်ဖွဲ့ ဝင် အရာရှိ၊ စစ်သည်များ၏ အရေးပါမှုနှင့် ကြိုးပမ်းအားထုတ်မှုကိုလည်း   အသိအမှတ်ပြုပြောကြား လိုကြောင်း၊  တပ်မတော်(ရေ)၏  ရေယာဉ်တည်ဆောက်ရေး ဗိသုကာ ပညာရှင်တစ်ဦးဖြစ်သည့် ဆရာရှမ်းကို ဂုဏ်ပြုသည့်အနေဖြင့်  Floating Dock များကို     ဆရာရှမ်း အမည်ဖြင့် တည်ဆောက်တပ်တော်ဝင်ပေးခဲ့ကြောင်း၊ မိမိတို့ရည်မှန်းခဲ့သည့် “ဝယ်ယူအသုံးပြုသူမှ ကိုယ်တိုင်တည်ဆောက်သူ  (Buyer toBuilder)”  အဖြစ်  ပြောင်းလဲနိုင်ခဲ့သည့်အတွက်  ပထမ အဆင့်အနေဖြင့်   နိုင်ငံတော်အတွက်လိုအပ်သည့် အရပ်ဘက်/စစ်ဘက် ရေယာဉ်များ တည်ဆောက်ရေးမျှော်မှန်းချက်ကို ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊  ထို့အပြင်   ရေအောက် စစ်ဆင်ရေးကဏ္ဍအတွက် အလွန်အရေးကြီးသည့် တိုက်ခိုက်ရေးရေငုပ်သင်္ဘော နှစ်စင်းကို ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ဒေသတွင်း၌ ရေငုပ်သင်္ဘောလက်ဝယ်ပိုင်ဆိုင်သည့် ရေတပ်အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း၊  ရေငုပ်သင်္ဘောတပ်ဖွဲ့ကိုလည်း ရေရှည်ဆက်လက်ချီတက်နိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း  အသိပေးပြောကြားလိုကြောင်း။


တပ်မတော်(ရေ)၏     ကဏ္ဍကြီး(၄)ရပ်ကို ထမ်းဆောင်ရာတွင် စစ်ရေးကဏ္ဍအနေဖြင့် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအား ဟန်ချက်ညီတိုးတက်မှသာ တိုက်ပွဲဝင်အသင့်ဖြစ်သည့် တပ်ဖွဲ့တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊  တိုက်စွမ်းအားရရှိရေးအတွက် စစ်ဆင်မှုနယ်ပယ် (၄) ရပ်တွင်  စစ်ဆင်နိုင်မည့် ခေတ်မီ Platform များ၊   စွမ်းရည်မြင့် လက်နက်နှင့် လက်နက်စနစ်များ၊ ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ကိရိယာများကို ဖြည့်ဆည်းပေးခဲ့ ကြောင်း၊ ယနေ့အချိန်တွင် ရေပြင်သွားစစ်ရေယာဉ်ကြီးတွေသာမက ရေငုပ်သင်္ဘောများကိုပါ ရရှိပိုင်ဆိုင်လာခဲ့ပြီး သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် ရေတပ်အဖြစ် ခြေလှမ်းသစ်တစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊   တပ်မတော်(ရေ)၏ တိုက်စွမ်းရည် တိုးတက်စေရေးအတွက်  တစ်ဦးချင်း လေ့ကျင့်ရေး၊ အဖွဲ့လိုက် လေ့ကျင့်ရေးမှသည်  စစ်ရေယာဉ်တပ် ပေါင်းစု ပင်လယ်ပြင် လေ့ကျင့်ခန်းများအထိ နှစ်စဉ် လေ့ကျင့်ဆောင်ရွက်စေခဲ့ကြောင်း၊   ထို့ကြောင့် စစ်ရေယာဉ် တပ်ပေါင်းစု    ပင်လယ်ပြင်ပူးပေါင်း စစ်ဆင်မှုလေ့ကျင့်ခန်း (Sea Shield)များကို ၂၀၁၄ ခုနှစ်က စတင်လေ့ကျင့်ခဲ့ပြီး ၂၀၂၂ ခုနှစ်အထိ နှစ်စဉ် နှစ်တိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် မပျက်မကွက်တက်ရောက်ခဲ့ကြောင်း၊ ကာကွယ်ရေး၏ သဘောသဘာဝသည် ကြိုတင် မျှော်တွေး  ပြင်ဆင်လေ့ကျင့်နေရခြင်းဖြစ်သဖြင့် အမြဲတမ်းလေ့ကျင့်နေမှသာ ပင်လယ်ပြင်မှ ကျူးကျော်လာသည့် မည်သည့်ရန်သူကိုမဆို အချိန်အခါမရွေး တုံ့ပြန်ချေမှုန်းနိုင်မည်ဖြစ်ပြီး  မြန်မာ့ ပင်လယ်ပြင်ကာကွယ်ရေးအတွက်  ထိရောက်စွာ ဆောင်ရွက်နိုင်မည်ပင်ဖြစ်ကြောင်း။


လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကဏ္ဍအနေဖြင့်   ပင်လယ်ပြင်တွင် ဘေးဒုက္ခရောက်နေသည့်သူများကို ကူညီခြင်း၊ နိုင်ငံရပ်ခြားတွင် ဒုက္ခမျိုးစုံခံနေရသည့် မိမိတို့ သွေးချင်း တိုင်းရင်းသားပြည်သူများကို ပြန်လည်ခေါ်ဆောင်ခြင်း၊ ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေးတာဝန်များ ထမ်းဆောင်ခြင်း၊ ကမ်းရိုးတန်းနှင့် ကျွန်းနေပြည်သူ လူထုတို့၏         ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း  စသည့်လုပ်ငန်းများ များစွာ ပါဝင်ကြောင်း၊    ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မလေးရှားနှင့်   အိန္ဒိယနိုင်ငံ  အက်ဒမန်ကျွန်းတွင် ကာလရှည်စွာ ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများကို ၂၀၂၁ ခုနှစ်အတွင်း ပြန်လည်ခေါ်ဆောင်ပေး နိုင်ခဲ့ကြောင်း၊ ပြည်သူလူထုကျန်းမာရေးအတွက် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၊  မြစ်တွင်း သွားဆေးရုံရေယာဉ်(ရွှေပုစွန်)တို့ဖြင့် နှစ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာ ပြည်သူ လူထုသုံးသိန်းခန့်ကို ကျန်းမာရေးစောင့်ရှောက် ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း။


ထို့အပြင် နိုင်ငံတော်အေးချမ်းသာယာမှုရှိစေရေး၊ ဒေသဖွံ့ဖြိုးတိုးတက်စည်ကားမှုကို အထောက် အကူပြုစေရေး၊ အများပြည်သူကြည်ညိုဖူးမြော်နိုင်ရေးနှင့်   ကုသိုလ်သဒ္ဓါတရားပွားများနိုင်စေရေး အတွက် ရည်ရွယ်ပြီး ကမ္ဘာ့အကြီးဆုံးစကျင်ဆင်းတု တော်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ စကျင်ကျောက်တန်ချိန် ၉၀ဝ၀ ကျော်ကို ရေယာဉ်များနှင့် သယ်ယူပို့ဆောင်ခဲ့ရာတွင် တပ်မတော်(ရေ)က စစ်ရေယာဉ် များနှင့် အရာရှိ၊ စစ်သည်များ ပါဝင်ဆောင်ရွက်ခွင့်ရခဲ့ကြခြင်းမှာလည်း  သာသနာ့သမိုင်းတွင် ဂုဏ်ယူဖွယ်မှတ်တမ်းအဖြစ်  ကျန်ရှိနေမည် ပင်ဖြစ်ကြောင်း။


တပ်မတော်(ရေ)၏   သံတမန်ရေးရာကဏ္ဍအနေဖြင့် အိမ်နီးချင်းရေတပ်များ၊  နိုင်ငံတကာ ရေတပ်များနှင့် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်ပြီး  တပ်မတော်၏    အဆင့်အတန်းကို ပြသနိုင်ခဲ့ကြောင်း၊ ဒေသတွင်း၊ နိုင်ငံတကာရေတပ်များနှင့် နယ်နိမိတ်တစ်လျှောက်   ညှိနှိုင်းကင်းလှည့်ခြင်း အပါအဝင် ရေတပ်ဆိုင်ရာ တွေ့ဆုံပွဲများ၊ ရေကြောင်း လုံခြုံမှုဆိုင်ရာ လေ့ကျင့်ခန်းများကိုလည်း အောင်မြင် စွာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သံတမန်ရေးရာကဏ္ဍကို ထိရောက်စွာ         ဆောင်ရွက်နိုင်ခဲ့ကြောင်းကို အသိအမှတ်ပြုပြောကြားလိုကြောင်း။


နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည်များ၏ ခေတ်အဆက်ဆက် ဦးဆွေးဆံမြည့်၊ သက်စွန့်ကြိုးပမ်း၊ သစ္စာရှိရှိ တာဝန် ထမ်းဆောင်ခဲ့မှုများကြောင့်    နိုင်ငံတော်မှ   ဘွဲ့ထူး ဂုဏ်ထူး၊  စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့/တံဆိပ်/လက်မှတ်များကို    သီဟသူရ တစ်ဦး၊ သူရဘွဲ့ ၁၆ ဦး၊ သူရဲကောင်းမှတ်တမ်းဝင် ၆၅ ဦး အပါအဝင် အရာရှိ၊ စစ်သည် ၄၁၆ ဦးအား ပေးအပ်ချီးမြှင့်နိုင်ခဲ့ကြောင်း၊ တပ်မတော်(ရေ)အနေဖြင့် (၇၅)နှစ်တာကာလ ဖြတ်သန်းလာရသည့်  သက်တမ်း တစ်လျှောက်ရရှိခဲ့သည့် အတွေးအမြင်၊   အတွေ့ အကြုံများ၊ စိုက်ထူခဲ့သည့်  သမိုင်းမှတ်တိုင်များ ကြောင့် “ရေမြင့်၍ ကြာတင့်သည့်ပမာ” ဒေသတွင်း ရေတပ်များနှင့် ရင်ပေါင်တန်းနိုင်သည့်အဆင့်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း။


နိုင်ငံတော်အတွက်  တန်ဖိုးမဖြတ်နိုင်သည့် မြန်မာ့ပင်လယ်ကို ထိရောက်စွာ ကာကွယ်နိုင်ရေးနှင့် ဒေသတွင်းရေတပ်များနှင့် ရင်ပေါင်တန်းနိုင်ရေး (၇၅) နှစ်တာခရီးကို    အောင်မြင်စွာဖြတ်ကျော် လျှောက်လှမ်းခဲ့ကြကြောင်း၊  ယနေ့အချိန်၌ သုံးဖက် မြင်စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့် ရေတပ် (Three Dimensional Combat Ready Navy)အဆင့်ကို     တက်လှမ်းနိုင်ခဲ့ပြီး   နိုင်ငံတော်နှင့် တပ်မတော်အတွက် အားထားရသည့် ပြည်သူက အားကိုးရသည့် တပ်ဖွဲ့ကြီးတစ်ခု အဖြစ် ခံ့ညားထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း။


အဓိကမှာကြားလိုသည်မှာ လက်ဆင့်ကမ်း ပုခုံး ပြောင်းတာဝန်ထမ်းဆောင်ကြမယ့်  မျိုးဆက်သစ် အရာရှိ၊ စစ်သည်များအနေဖြင့်လည်း မြန်မာ့ပင်လယ် ပြင်နှင့် ပင်လယ်ပြင်အကျိုးစီးပွားများ ကာကွယ်ရေး အတွက် “လှေခွက်ချည်းကျန် အလံမလှဲ” စိတ်ဓာတ် နှင့် ကျောချင်းကပ် ရင်ချင်းအပ်ပြီး “မြန်မာ့ပင်လယ် ဒို့ကာကွယ်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပေးအပ် သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြ ရန် မှာကြားလိုကြောင်း ပြောကြားသည်။


ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော် (ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မှတ်တမ်း ဗီဒီယိုကို ပြသသည်။ ယင်းနောက် တပ်မတော်(ရေ)မှ အရာရှိများ၏ စိန်ရတုလှမ်းချီ သားကောင်းဇာနည် အဏ္ဏဝါစစ်သည်သီချင်းနှင့် အဏ္ဏဝါစစ်ချီ သီချင်းတို့ဖြင့် ဂုဏ်ပြုသီဆို ဖျော်ဖြေကြသည်။


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည်   တက်ရောက်လာကြသည့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။


ထို့ပြင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ ဝင်များသည်  ယနေ့နံနက်ပိုင်းတွင်   မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်ရုံး အဆောက်အအုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် သည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်ရုံးဆိုင်းဘုတ်ကို  စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး သည်။


ဆက်လက်ပြီး     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်   အဆောက်အအုံ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း ပေးကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့ကွပ်ကဲမှု ဌာနချုပ်ရုံး အဆောက်အအုံအတွင်းနှင့် အဆောက်အအုံအပေါ်တို့မှ နယ်မြေဒေသအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြရာ       တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.