ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ဧက ခြောက်သောင်းကျော် ရိတ်သိမ်းခြွေလှေ့ပြီးစီး

 



ပွင့်ဖြူ ဒီဇင်ဘာ ၂၇


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးခဲ့သည့် မိုးစပါးသီးနှံစိုက်ခင်းများကို ဒီဇင်ဘာလဆန်းပိုင်းမှစပြီး စပါးရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ဒီဇင်ဘာလ ၂၆ ရက်အထိ တစ်မြို့နယ်လုံးအနေဖြင့် မိုးစပါးသီးနှံစိုက်ဧက ခြောက်သောင်းကျော် ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။ 


ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ -၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက ၆၉၆၄၅ ဧက စိုက်ပျိုးခဲ့ပြီး အဓိက စိုက်ပျိုးသည့် စပါးသီးနှံများမှာ ဧရာမင်း၊ ရတနာတိုး၊ ပေါ်ဆန်းရင်၊ ချမ်းမြေ့မေ၊ ဆင်းသုခ၊ မနောသုခ၊ ပခန်းရွှေဝါ၊ သီးထပ်ရင်၊ ဧရာပဒေသာ စသည့် စပါးမျိုးများကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။ 


ဒီဇင်ဘာလဆန်း(၁)ရက်နေ့မှ စတင်ပြီး ရိတ်သိမ်းခြွေလှေ့စက်များ ငှားရမ်း၍ ရိတ်သိမ်းခြွေလှေ့ခဲ့လျက်ရှိပြီး ဒီဇင်ဘာ(၂၆)ရက်နေ့အထိ တစ်မြို့နယ်လုံး မိုးစပါးစိုက်ဧက ၆၀၃၀၈ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်၍ ရာခိုင်နှုန်းအနေဖြင့် ၈၆ ဒသမ ၅၉ ရာခိုင်နှုန်း ရိတ်သိမ်းခြွေလှေ့ပြီးစီးသွားပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြ၍ သိရသည်။ 


ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၅) မြို့နယ်တွင် ဆည်ရေသောက်ဧရိယာ အများဆုံး မြို့နယ်တစ်ခုဖြစ်ပြီး ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင်လည်း တစ်မြို့နယ်လုံး သတ်မှတ်လျာထားဧက ၆၉၀၉၄ ဧက တွင် မြေပြင် စိုက်ပျိုးနိုင်မှုဧက ၆၉၆၄၅ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ၅၅၁ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ ကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စနစ်တကျ စိုက်ပျိုးခဲ့ရာ တစ်ဧက တင်း ၁၀၀ အထက် ထွက်ရှိပြီး စပါးဈေးလည်း ယခင်နှစ်ထက် ဈေးပိုရ၍ ဒေသခံတောင်သူများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 


လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)



No comments

Powered by Blogger.