အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၂) ကျင်းပ



နေပြည်တော် ဒီဇင်ဘာ ၂၃


အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၂) ကို  ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟို အဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခဲ့မှုများနှင့်  တားဆီးနှိမ်နင်းရေး ဆောင်ရွက်ထားမှုများ၊ ၂၀၂၃ ခုနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများနှင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များက အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် ကြုံတွေ့ရသည့်အခက်အခဲများကို  ညှိနှိုင်းဆွေးနွေး နိုင်ရန် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။


အစွန်းရောက်   အကြမ်းဖက် အုပ်စု ARSA  အဖွဲ့သည် လူမျိုးရေးနှင့် ဘာသာရေးကိုအကြောင်းပြု၍ နယ်မြေအပိုင်စီးရယူလိုသည့် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ် မြောက်ဘက်ခြမ်းတွင် ပြည်သူ များကို အကြမ်းဖက်ခြိမ်းခြောက် နေသည့်အဖွဲ့အစည်းဖြစ်ကြောင်း၊ အကြမ်းဖက်အုပ်စု CRPH/ NUG နှင့် ယင်း၏လက်အောက်ခံ အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသော PDFs များသည် ဒီမိုကရေစီအရေးဟု ကြွေးကြော်နေသော်လည်း အစိုးရအုပ်ချုပ်မှု ယန္တရားများကို ပျက်ပြားစေပြီး  ပြည်သူများကို ရက်စက်စွာသတ်ဖြတ် အကြမ်းဖက်ခြိမ်းခြောက်၍ ၎င်းတို့ကို ထောက်ခံမှုရရှိစေရန် နိုင်ငံတော်အာဏာကို မတရားရယူရန် ကြိုးပမ်းနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ရည်ရွယ်ချက် မတူညီသည့်အတွက် အကြမ်းဖက်မှုပုံစံနှင့် အပြစ်မဲ့ပြည်သူများကို ခြိမ်းခြောက်လုပ်ဆောင်သည့် ပုံစံများမတူညီကြောင်းနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်များ  ပိုမိုအားကောင်းအောင်   ဆောင်ရွက်နိုင်ရေး၊ ပြည်သူများအတွက် လုံခြုံမှုနှင့် တရားဥပဒေစိုးမိုးရေးကို ပိုမိုမြှင့်တင် ဆောင်ရွက်ပေးနိုင်ရေး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ စွမ်းရည်မြှင့်တင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက စီစဉ်ခွင့်ပြုပေးထားသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးရန်ပုံငွေကို လုပ်ထုံးလုပ်နည်း နှင့်အညီ အကျိုးရှိအောင်သုံးစွဲနိုင်ရေး၊ ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေးတို့နှင့် စပ်လျဉ်း၍ ပြောကြားသည်။


ထို့နောက် ဗဟိုအဖွဲ့အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များနှင့်  သုံးသပ်အကြံပြုချက်များကိုလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး၊ နိုင်ငံဖြတ်ကျော်  မှုခင်းဌာနကြီး၊ ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေး မြင့်က အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ဆောင်ရွက်ချက်များနှင့်     နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှု၊      အင်တာပိုလ်၊ အာဆီယံရဲအဖွဲ့၊ နှစ်နိုင်ငံရဲတပ်ဖွဲ့များနှင့်   ပူးပေါင်းဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။


ယင်းနောက်   ဒုတိယဝန်ကြီး များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊     နေပြည်တော် ကောင်စီ၊       တိုင်းဒေသကြီးနှင့် ပြည်နယ်လုံခြုံရေးနှင့်    နယ်စပ် ရေးရာဝန်ကြီးများနှင့် အစည်း အဝေးသို့ တက်ရောက်လာကြသူများက တားဆီးနှိမ်နင်းရေးကဏ္ဍတွင် လုံခြုံရေးနှင့် သတင်းအချက်အလက်များ      ရယူစုဆောင်း ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ နယ်စပ်ဒေသ များတွင်  တိုင်းရင်း သားများ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာပေးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့မှုများ၊   သတင်းမှန် ပြန်ကြားရေးဆောင်ရွက်မှုများ၊ ပြည်သူများ အကြမ်းဖက်ခံရမှု၊ နိုင်ငံပိုင်/ ပုဂ္ဂလိကပိုင် အဆောက်အအုံနှင့် ဈေးများ၊ အရေးကြီးပစ္စည်း များ   ဖောက်ခွဲ/ဖျက်ဆီးခံရမှု၊ လျှပ်စစ်တာဝါတိုင်၊    ဖုန်းတာဝါတိုင်များ      ဖျက်ဆီးခံရမှုများနှင့် စပ်လျဉ်း၍   ပြန်လည်ထူထောင်ရေး၊       ကြိုတင် ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ နယ်မြေအလိုက်   အကြမ်းဖက်မှုတိုက်ဖျက်ရေး  ဆောင်ရွက်ချက်များနှင့်  ဆက်လက်ဆောင်ရွက် မည့်အစီအမံများ၊  တားဆီးနှိမ်နင်းရေးလုပ်ငန်းများ၊ တရားစွဲဆိုရေး၊ ရန်ပုံငွေ  ထူထောင်ရေးဆောင် ရွက်ထားမှုများ၊       နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်ပရောက် အကြမ်းဖက်သမားများနှင့် ပတ်သက်၍  သံတမန်နည်းလမ်း ဆောင်ရွက်မှုများ၊ ဥပဒေနှင့် နည်းဥပဒေဆိုင်ရာ ကိစ္စရပ်များ၊   သတင်းအချက် အလက်နှင့် ပူးပေါင်းဆောင်ရွက်မှု၊ သတင်းတုများတိုက်ဖျက်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။


ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌက ၂၀၂၃ ခုနှစ်တွင် ဖြစ်ပေါ် လာနိုင်သည့်    အကြမ်းဖက်မှု အခြေအနေများအပေါ် ကြိုတင် ကာကွယ်ရေးအစီအမံများ၊ လုံခြုံမှုနှင့် တရားဥပဒေစိုးမိုးရေး ထိရောက်မှုရှိရန် စီမံဆောင်ရွက် ထားမှုများ၊  အစွန်းရောက်မှုများ ကြိုတင်ကာကွယ်ရေးနှင့် အကြမ်း ဖက်ဖြစ်စဉ်များကို  လက်ဦးမှု ရယူဖော်ထုတ်နိုင်ရေး        စီစဉ် ဆောင်ရွက်သွားရန်အချက်များ၊ နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီက  စီစဉ်ခွင့်ပြုပေးထား သည့်  အကြမ်းဖက်မှုတိုက်ဖျက်ရေးရန်ပုံငွေကို လုပ်ထုံးလုပ်နည်း နှင့်အညီ   အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး၊            လုပ်ငန်း ကော်မတီနှင့်  လုပ်ငန်းအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍   ဆွေးနွေးပြောကြားပြီး  အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။


အစည်းအဝေးသို့ ဗဟိုအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊  မြန်မာနိုင်ငံတော်   ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရဲအရာရှိကြီးများ၊ ဘာသာရပ်ဆိုင်ရာ အရာရှိ ကြီးများ၊  အထူးဖိတ်ကြားထားသူများနှင့်  တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗဟိုအဖွဲ့ဝင် တိုင်းဒေသကြီးနှင့်    ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

သတင်းစဉ်

No comments

Powered by Blogger.