မွန်ပြည်နယ်၀န်ကြီးချုပ် (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ တက်ရောက်

 



မော်လမြိုင် ဒီဇင်ဘာ ၂၃


မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင်  (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီပြည်နယ်အဆင့် နည်းပြ သင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ဒီဇင်ဘာ ၂၂ရက် နံနက်ပိုင်းက ကျင်းပရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ပြည်နယ်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်၀န်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထိုနောက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးမြတ်သွင်က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်း  သင်တန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့သည်။


ယခုဖွင့်လှစ်သည့် သင်တန်းသည် မွန်ပြည်နယ်အတွင်း မြို့နယ်အလိုက် လူဦးရေစာရင်း မှန်ကန်ရန်အတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းကို မြို့နယ်ကြီးကြပ်ရေးအဖွဲ့များအား နေပြည်တော်ဗဟိုအဆင့် သင်တန်းတက်ရောက်ခဲ့တဲ့ နည်းပြများမှ ပြန်လည်ပို့ချသော သင်တန်းဖြစ်သည်။  


မြေပြင်ကွင်းဆင်း စာရင်းကောက်ရေး လုပ်ငန်းစဉ် မှန်ကန်မြန်ဆန်စွာ စနစ်တကျ ကောက်ယူနိုင်ရေးအတွက် ဗဟိုအဆင့်၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် သင်တန်းများကို ဒီဇင်ဘာလအတွင်းမှာ ဆောင်ရွက်နေခြင်းဖြစ်ပြီး ဗဟိုအဆင့် သင်တန်းကို ဒီဇင်ဘာလ (၁၄)ရက်နှင့် (၁၅)ရက်နေ့များမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်မှာ ဖွင့်လှစ်ခဲ့ပြီး၊ ပြည်နယ်အဆင့် နည်းပြသင်တန်းကို ယနေ့တွင် ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်သင်တန်းများကို (၂၇.၁၂.၂၀၂၂)ရက်နေ့တွင် မြို့နယ်အလိုက် ဆက်လက် ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သိရသည်။ 


ထို့အပြင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းတွင် မသန်စွမ်း(၅)မျိုး စာရင်းကိုလည်း ထည့်သွင်းကောက်ယူသွားမှာ ဖြစ်ကြောင်းနှင့် မြေပြင် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကွင်းဆင်းကောက်ယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မွန်ပြည်နယ်အနေဖြင့် မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးအတွက် ခန့်မှန်းတွက်ချက် ကောက်ခံထားသည့် အိမ်ထောင်စုများကို ရက်ပေါင်း (၂၀) အတွင်း ပြီးစီးအောင် ကောက်ယူသွားမှာ ဖြစ်ကြောင်း သိရသည်။


အဆိုပါ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့် နည်းပြသင်တန်းကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ (၂)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး စုစုပေါင်း သင်တန်းသား သင်တန်းသူ(၇၀) တက်ရောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


ပြန်/ဆက်



No comments

Powered by Blogger.