ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သစ်တောဦးစီးဌာန၊ ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၈) ဖွင့်ပွဲအခမ်းအနား တက်ရောက်



နေပြည်တော် ဇန်နဝါရီ ၁၁

 

သစ်တောဦးစီးဌာန၊ ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် () ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောသုတေသန ဌာန စုဝေးခန်းမ ရေဆင်း၌ ကျင်းပသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သစ်တောထိန်းသိမ်းရေး၊ သစ်တောများ စီမံအုပ်ချုပ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ မြန်မာ့သစ်တော စီမံအုပ်ချုပ်မှု ခရိုင်အဆင့် Forest Management Unit တွင် တာဝန်ယူဆောင်ရွက်နေကြသည့် ခရိုင်သစ်တောအရာရှိများ အနေဖြင့် သစ်တောသယံဇာတများကို အကောင်းဆုံး စီမံခန့်ခွဲနိုင်စေရန်၊ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားစေရန်နှင့် ဌာနလုပ်ထုံး လုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း။

 

နိုင်ငံတော်၏ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရန်နှင့် ရာသီဥတု ပြောင်းလဲမှု လျော့ချနိုင်ရေးအတွက် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ခြင်း စီမံကိန်းနှင့်  တောရိုင်း တိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ် စီမံကိန်းများကို အောင်မြင်အောင် အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်သလို ခွင့်ပြုရန်ပုံငွေများကိုလည်း ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ သုံးစွဲကြရန် မှာကြားလိုကြောင်း၊ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ တိုးချဲ့ဖွဲ့စည်း‌ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ ပုဂ္ဂလိကစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းများတွင် လုပ်ထုံးလုပ်နည်း၊ စာချုပ်ပါ စည်းကမ်းများနှင့်အညီ လိုက်နာစေရန် ခရိုင်တာဝန်ခံများက အနီးကပ် ကြီးကြပ် ကွပ်ကဲသွားရန် လိုကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ တရားမဝင်သစ် ကျွန်း ၄၅၄၉ တန်၊ သစ်မာနှင့်အခြား ၆၉၂၆ တန် ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သစ် တာဆီးကာကွယ်ရေးအား အရှိန်အဟန်ဖြင့် ဆက်လက်ဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ ခရိုင်တာဝန်ခံများအနေဖြင့် ဝန်ထမ်းကောင်းတစ်ဦး၏ လိုအပ်ချက်ဖြစ်သည့် စိတ်ဓါတ်နှင့် ခံယူချက်၊ အတွေးအခေါ်နှင့် စိတ်နေစိတ်ထား၊ ကျင့်ဝတ်သိက္ခာတို့နှင့် ပြည့်စုံစေပြီး နိုင်ငံအကျိုး၊ ဌာနအကျိုးကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ဆောင်ရွက်နိုင်သူများဖြစ်အောင် အလေးထား ကြိုးစားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

 

အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ခရိုင်အဆင့် သင်တန်းသား (၂၀) တက်ရောက်ပြီး၊ အဆိုပါသင်တန်းအား ဇန်နဝါရီ ၁၁ ရက်မှ ၂၄ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

 

No comments

Powered by Blogger.