မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်လောကသားတို့အား စားသောက်ကုန်နှင့် ထောက်ပံ့ငွေများ ပေးအပ်






ရန်ကုန်  ဇန်နဝါရီ ၁၁

 

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်လောကသားများအား စားသောက်ကုန်နှင့် ထောက်ပံ့ငွေများကို ဇန်နဝါရီ (၉) ရက်မှ (၁၄) ရက်အထိ ရန်ကုန်မြို့ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်မှစ၍ ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းများ ရပ်နားထားခဲ့သည့် ရုပ်ရှင်လောကသားများကို နိုင်ငံတော်၊ ဝန်ကြီးဌာနများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များ၏ စုပေါင်းအားဖြင့် စားသောက်ကုန်နှင့် ထောက်ပံ့ငွေများကို ပေးအပ်လျက်ရှိသည်။

   

“လာရောက်ထုတ်ယူသူ အားလုံးကိုပေးပါတယ်။ ထုတ်လုပ်သူနဲ့ သရုပ်ဆောင်တွေက ထုတ်ယူတာနည်းတယ်။ စက်မှုအလွှာနဲ့ ဇာတ်ပို့ဇာတ်ရံကများတယ်၊ လူဦးရေ ၁၅၀၀ နီးပါး လာရောက်ထုတ်ယူကြတယ်။ ဆန်ဆိုရင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေးတယ်။ ဆီနဲ့ငါးသေတ္တာကို ရုပ်ရှင်အစည်းအရုံးက ပေးတယ်။ နိုင်ငံတော်ကချီးမြှင့်ခဲ့တဲ့ ငွေသိန်း ၁၅၀ကျော်ကို တစ်ဦးကို ကျပ်တစ်သောင်းနှုန်းနဲ့ ထောက်ပံ့တယ်။ အလှူရှင်တွေ လှူဒါန်းမှုကို စုပေါင်းပြီးလှူဒါန်းတဲ့အတွက် သူတို့လည်းဝမ်းသာကြတယ်”ဟု မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။

 

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် အဖွဲ့ဝင် ၄၀၀၀ ကျော်ရှိပြီး ရုပ်ရှင်အလွှာ ၁၀ လွှာ၌ စက်မှုအလွှာတွင် လူဦးရေ ၈၀၀ ကျော်ရှိရာ  သတ်မှတ်ရက်အတွင်း လာရောက် ထုတ်ယူသူများကို ပေါ်ဆန်မွှေးဆန် ၆ ပြည်၊ ဆီ ၅၀ သားတစ်ဘူး၊ ငါးသေတ္တာနှစ်ဘူးနှင့် ငွေကျပ် ၁၀၀၀၀ ထောက်ပံ့လျက်ရှိသည်။

 

 “ဒီအချိန်မှာ စက်မှုလုပ်သားတွေ နွမ်းပါးကြတယ်။ ရုပ်ရှင်အလုပ်ပဲ လုပ်တတ်ကြတာကြောင့် အခြားအလုပ် မရှိကြတာများတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဘယ်နေ့ကူညီ ထောက်ပံ့မလဲဆိုတာ မျှော်လင့်နေရပါတယ်။ ဒီနေ့ဆိုရင် နိုင်ငံတော်က ထောက်ပံ့တဲ့ ငွေအသီးသီး ရရှိတာကြောင့် သူတို့ပျော်နေတာကို တွေ့ရမှာပါ။ အခုလို ထောက်ပံ့နိုင်မှုအပေါ် နိုင်ငံတော်နဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို စက်မှုလုပ်သားတွေ အားလုံးရဲ့ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်”ဟု စက်မှုပိုင်းဆိုင်ရာ အတွင်းရေးမှူး ဦးငွေစိုးက ပြောသည်။


 

ရုပ်ရှင်အစည်းအရုံးဝင်တို့အား အလှူရှင်တို့၏ စုပေါင်းအားဖြင့် စားသောက်ကုန်နှင့် ထောက်ပံ့ငွေများကို ထောက်ပံ့လှူဒါန်းခဲ့သည်မှာ ယခုဆိုလျှင် ၁၁ ကြိမ်တိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ရုပ်ရုင်သရုပ်ဆောင်အချို့နှင့် အနုပညာရှင်အချို့ကလည်း‌ ထောက်ပံ့ငွေများ ကို လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ - ကနူး

ညိမ်းသူ(သတင်းစဉ်)

 

No comments

Powered by Blogger.