ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် မိုးကြိုရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ




နေပြည်တော် ဇန်နဝါရီ ၁၁


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ကွပ်ကဲမှုအောက်ရှိ လယ်ဝေးခရိုင်၊ ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ်ဘဏ်ခွဲ သုံးခုမှ တောင်သူဦးကြီးများအား ၂၀၂၃ ခုနှစ် မိုးကြိုရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ဇန်နဝါရီလမှ မတ်လကုန်ထိ ထုတ်ချေးပေးသွားမည်ဖြစ်သည်။


နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊ မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးနှင့် တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားရေးဘဝ တိုးတက်ရေးတို့ကို ရည်ရွယ်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၃ ခုနှစ် မိုးကြိုရာသီစိုက်ပျိုးစရိတ်ချေးငွေများကို နွေစပါး တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀/- နှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် အတိုးနှုန်း တစ်နှစ် လျှင် ၅ ရာခိုင် နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိသည်။


၂၀၂၃ ခုနှစ် ၊ မိုးကြိုရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့တွင် လယ်ဝေးခရိုင်ဘဏ်ခွဲမှ အင်ပင်ကျေးရွာ အုပ်စု (၁)အုပ်စု၊ တောင်သူ (၇) ဦး၊ ချက်ကြံ (၃၆) ဧကအတွက် ချေးငွေကျပ် (၃ ဒသမ ၆၀)သန်း ထုတ်ချေးရာတွင် နေပြည်တော်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဒုတိယတိုင်း မန်နေဂျာ ဒေါ်စမ်းမူယာအောင်က ချေးငွေထုတ်ချေးမှုနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်း များကို တောင်သူများကို ရှင်းလင်းပြောကြားပြီး ချေးငွေများထုတ်ချေးပေးသည်။


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကွပ်ကဲမှုအောက်ရှိ လယ်ဝေးခရိုင်၊ ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ်ဘဏ်ခွဲသုံးခုမှ နေပြည်တော်နယ်မြေ အတွင်းရှိ တောင်သူများသို့ ချေးငွေများ စိုက်ပျိုးရာသီအချိန်မီ ရရှိရေးအတွက် ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 


(သတင်းစဉ်)

No comments

Powered by Blogger.