ဆီထွက်သီးနှံ မိုးနေကြာ တောင်သူပညာပေးစံပြကွက် အထွက်နှုန်းတိုင်းတာခြင်း ကွင်းဆင်းဆောင်ရွက်


ပင်လောင်း   ဇန်နဝါရီ  ၁၁

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြောက်ထီဗွာကျေးရွာအုပ်စု၊ တကူမို့ကျေးရွာ ကွင်းအမှတ်-၄၊ ဦးပိုင်၄၆/၁ရှိ တောင်သူဦးသန်းကျော်၏ မိုးနေကြာ တောင်သူပညာပေးစံပြကွက် ၁  ဧကတွင် စိုက်ပျိုးထားသည့် မိုးနေကြာစိုက်ခင်းအား အထွက်နှုန်း ခန့်မှန်းထွက်ရှိမှု သိနိုင်ရန်အတွက် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ စံကွက်ရိတ်သိမ်းမှုကို ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

 

စံကွက်ရိတ်သိမ်းရာတွင် သီးနှံအစိုအထွက်နှုန်း ပျမ်းမျှ ၄၆.၇၉ တင်း၊ သီးနှံအခြောက်အထွက်နှုန်း ပျှမ်းမျှ ၄၂.၇၄ တင်း ထွက်ရှိကြောင်းသိရပြီး စံကွက်အထွက်နှုန်းနှင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များအား လာရောက်ကြည့်ရှု လေ့လာကြသော စိုက်ပျိုးရေးတောင်သူများအား မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်နိုင်က ရှင်းလင်းဆွေးနွေး ပေးခဲ့ကြောင်းသိရသည်။

 


နေကြာဆီအား စားသုံးခြင်းဖြင့် စျေးနှုန်းသက်သာခြင်း၊ ကျန်းမာရေးအတွက် အထောက်အကူ ပြုခြင်းတို့ကြောင့် ဆီထွက်နေကြာ စိုက်ပျိုးရန် ရာသီဥတုနှင့် ကိုက်ညီသည့် မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ပင်လောင်းမြို့နယ်အတွင်း ဆီထွက်နေကြာ မိုးသီးနှံအားဧက ငါးရာကျော် စိုက်ပျိုးခဲ့ပြီး၊ ဆောင်းသီးနှံအား စိုက်ဧက (၅၃၇) ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့သည်။ တောင်သူများက တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန် စိတ်အားထက်သန်မှုကြောင့် လျာထားဧကထက် ပိုမိုစိုက်ပျိုးသွားနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှသိရှိရသည်။

 

ပင်လောင်းမြို့နယ်(ပြန်/ဆက်)


No comments

Powered by Blogger.