ကိုဗစ်-၁၉ မျိုးကွဲသစ်ကာကွယ်ရေး နေထိုင်မှုပုံစံသစ်ကို ဆက်လက်လိုက်နာ

 



မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်တွေ့ရှိမှုရာခိုင်နှုန်းကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိရာ ၁ ရာခိုင်နှုန်း၏အောက်သို့ ရောက်ရှိနေသည်မှာ ရက်ပေါင်း ၆၀ နီးနီး ရှိနေပြီဖြစ်သည်။ သို့ရာတွင် ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ပြန်လည်မြင့်တက်နေသည့်အပြင် ထပ်မံထွက်ပေါ်လာသည့် အိုမီခရွန်၏ မျိုးကွဲသစ်ကလည်း လျင်လျင်မြန်မြန် ကူးစက် ပျံ့နှံ့လျက်ရှိသည့်အတွက် မိမိတို့နိုင်ငံအနေဖြင့်လည်း ကူးစက်မှုများ မြင့်တက်မလာစေရေး အထူးဂရုပြုရန် လိုအပ်လာသည်။

 

ကမ္ဘာ့စီးပွားရေးထိပ်တန်း အင်အားကြီးနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ မြင့်တက်နေ့သည့် သတင်းများကို ယခုရက်ပိုင်းအတွင်း နိုင်ငံတကာသတင်းများတွင် တွေ့မြင်ရသည်။ အမေရိကန် ပြည်ထောင်စုတွင် အိုမီခရွန် မျိုးကွဲသစ် XBB.1.5 သည် လျင်မြန်စွာ ကူးစက်ပျံ့နှံ့ လျက်ရှိပြီး ဆိုးရွားသည့် နောက်ထပ်ကူးစက်မှုလှိုင်း ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည့်အပြင် ကမ္ဘာအနှံ့ သို့လည်း လျင်မြန်သည့်နှုန်းဖြင့် ကူးစက်သွားနိုင်သည်ဟု ခန့်မှန်းလျက်ရှိသည်။ ဂျပန်နိုင်ငံတွင်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရှစ်ကြိမ်မြောက်လှိုင်းနှင့် ကြုံတွေ့နေရပြီး ရောဂါကြောင့် နေ့စဉ် သေဆုံးသူဦးရေ ၄ဝဝ ကျော်ရှိကြောင်းနှင့် သေဆုံးသူ စံချိန်တင်များပြားလာကြောင်း သတင်းမှာလည်း မယုံနိုင် စရာပင်ဖြစ်သည်။ တစ်ဆက်တည်းမှာပင် မြန်မာ့အိမ်နီးချင်း နိုင်ငံဖြစ်ပြီး နယ်စပ်ကုန်သွယ်မှု ပမာဏအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ပြန်လည်မြင့်တက်နေကြောင်း သတင်းကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်မစတင် နိုင်သေးသည်မှာလည်း သတိပြုဖွယ်ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာပေါ်တွင် စီးပွားရေးအင်အား ထိပ်ဆုံးနိုင်ငံများ၏ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများက မြန်မာနိုင်ငံကဲ့သို့သော အားနည်း သည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ရောဂါကူးစက်မှု ၁ ရာခိုင်နှုန်းအောက် လျော့ကျနေခြင်းအပေါ်တွင် စိတ်ချပေါ့လျော့မနေရန် တပ်လှန့်နေခြင်းပင်ဖြစ်သည်။

 

ကျန်းမာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေအရပ်ရပ်နှင့် စပ်လျဉ်း၍ မီဒီယာနည်းလမ်းများဖြင့် နေ့စဉ်ထုတ်ပြန် အသိပေးလျက်ရှိသည့်အပြင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှု ခံယူရေး၊ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံမှုခံယူရေးတို့ အတွက်လည်း စဉ်ဆက်မပြတ် ဆော်ဩလျက်ရှိသည်။ စတင်ဖြစ်ပေါ်လာချိန်မှစ၍ ကိုဗစ်−၁၉ ရောဂါသည် မျိုးဗီဇကွဲ များ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲပြီး ဆက်လက်ကူးစက် ပျံ့နှံ့နေခြင်းဖြစ်ရာ နေထိုင်မှုပုံစံသစ်(New Normal)နည်းလမ်း ကို ကျင့်သုံး၍ ဆက်လက်နေထိုင်သွားကြရဦးမည် ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း နေ့စဉ် ၁ ရာခိုင်နှုန်းအောက်တွင် ရောက်ရှိနေခြင်းနှင့် ရောဂါကြောင့် အသေအပျောက်မရှိခြင်းတို့သည် ကျေနပ်ဖွယ်ရာဖြစ်သော်လည်း ပြည်ပမှ ဝင်ရောက်လာနိုင်ဖွယ်ရှိသည့် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်များနှင့် ကူးစက်ပျံ့နှံ့မှုလှိုင်းများမှ လွတ်ကင်းနိုင်ရေးအတွက် ကာကွယ်ဆေးများထိုးနှံမှု ခံယူခြင်းနှင့် နေထိုင်မှုပုံစံသစ် (New Normal) နည်းလမ်း လိုက်နာခြင်းတို့ကို အလေးအနက်ကျင့်သုံးကြစေရေး အကျိုးမျှော်ကာ နှိုးဆော် အပ်ပါကြောင်း။

No comments

Powered by Blogger.