(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နှစ်သစ်ကူးမိတ်ဆုံစားပွဲ ကျင်းပ



နေပြည်တော်  ဇန်နဝါရီ   ၁၃


စက်မှုဝန်ကြီးဌာန      စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌  (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ကို ဂုဏ်ပြုသောအားဖြင့် နှစ်သစ်ကူးမိတ်ဆုံစားပွဲနှင့်  ကံစမ်းမဲဖောက်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၇)၌ ကျင်းပရာ   ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊       ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့်   အရာထမ်း၊  အမှုထမ်းများ  တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က  ဝန်ထမ်းများနှင့်    အလုပ်များအတူတကွ လုပ်ကိုင်စဉ်  တစ်ဦးနှင့်တစ်ဦး   ချစ်ချစ်ခင်ခင် ဆောင်ရွက်ရန်၊    အထက်အောက်အပြန်အလှန် လေးစားမှုတိုးမြင့်လာရန်၊  မိသားစုစိတ်ဓာတ်ဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် လမ်းညွှန်မှုပြု ထားကြောင်း၊ ထို့ကြောင့် ဦးစီးဌာန၊ စက်မှုလုပ်ငန်းများအလိုက် မိတ်ဆုံစားပွဲများကို အလှည့်ကျ ကျင်းပပေးနေခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကျင့်ဝတ်၊ ဥပဒေ၊ နည်းဥပဒေများ ကိုလည်း တိတိကျကျ လိုက်နာရမည်ဖြစ်ကြောင်း၊  မိမိတို့ဆောင်ရွက်နေသည့်  လုပ်ငန်းတာဝန်များအပေါ် ပညာရှင်ဆန်ဆန်၊ အသိပညာရှိမှု၊ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများအပေါ် သံယောဇဉ်ရှိမှု၊ သစ္စာရှိစွာဖြင့်  ကျေပွန်အောင်  ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနအနေဖြင့် Regulatory Body တာဝန်များကို ကျေပွန်အောင် အစဉ်အမြဲ လေ့လာသုံးသပ်ဆောင် ရွက်နေရမည်ဖြစ်ကြောင်း၊  စက်မှုဝန်ကြီးဌာန၏ မူလရည်ရွယ်ချက်သည် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန်ဖြစ်ကြောင်း၊  ဌာနအတွင်း၌   မိမိတို့ လုပ်ငန်းနှင့် သက်ဆိုင်သည့် အသိပညာ၊ အတတ်ပညာ တိုးတက်ပြန့်ပွားရေးအတွက်  အသိပညာ ဖလှယ်ရေးဆွေးနွေးပွဲများ   ကျင်းပပေးရမည်ဖြစ်ကြောင်း၊   မျိုးဆက်သစ်ဝန်ထမ်းများ   အ‌နေဖြင့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝအောင် ဆောင်ရွက် ထားရမည်ဖြစ်ကြောင်း၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်  နှစ်သစ်ကို    ပိုင်ဆိုင်ကြစေရန်   ဆန္ဒပြုကြောင်းနှင့် လုပ်ငန်းတာဝန်များကို ဆတက်ထမ်းပိုး ကျေပွန်အောင် ထမ်းဆောင်သွား ကြရန် ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်မှု ကြီးကြပ်ရေးနှင့်   စစ်ဆေးရေးဦးစီးဌာနရှိ    ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် အတူတကွ   လက်ရည်တစ်ပြင်တည်း   နေ့လယ်စာသုံးဆောင်ကြပြီး    ဝန်ထမ်းများ အား ဗလာမပါကံစမ်း မဲဖောက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.