အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်ရေးဆွဲရေး နည်းပညာလုပ်ငန်းအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကျင်းပ

 



နေပြည်တော် ဇန်နဝါရီ ၁၁ 


မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ် ရေးဆွဲရေး နည်းပညာလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတွင် ကျင်းပသည်။


အစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် နည်းပညာ လုပ်ငန်းအဖွဲ့ ဝင်များဖြစ်သည့် ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်အသင်းများမှ ကိုယ်စားလှယ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန၊ ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ကိုယ်စားလှယ် များနှင့် ဂျပန်-အာဆီယံပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (Japan- ASEAN Integration Fund-JAIF) အဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးသည်။ 


အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန်က အမှာစကားပြောကြားသည်။


အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့်ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်း အစီအစဉ် (National Plastic Action Plan) မူကြမ်း ရေးဆွဲထားမူ၊ ပလတ်စတစ် စွန့်ပစ်ပစ္စည်း စီမံ ခန့်ခွဲမှုနှင့်စပ်လျဉ်း၍ မူဝါဒများနှင့် ကွာဟချက်များအား တွေ့ရှိမှု၊  Pilot City  ရွေးချယ်ခဲ့သည့် ရန်ကုန်မြို့၌ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များ ကောက်ယူထားမှု အခြေအနေနှင့် စပ်လျဉ်း၍တွေ့ရှိချက်များ၊ ပုသိမ်မြိုနှင့်မော်လမြိုင်မြို့ တို့တွင် အချက်အလက်ကောက်ယူမည့် အခြေအနေ၊ တစ်ခါသုံးပလတ်စတစ် စွန့်ပစ်ပစ္စည်း များအတွက် စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ မြန်မာနိုင်ငံ၏ အမျိုးသား အဆင့် ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်တွင် ထည့်သွင်းမည့်ပလတ်စတစ် ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာလမ်းညွှန်ချက်များ၊လုပ်ဆောင်ချက်များ၊ အချိန်ကာလအပိုင်း အခြားနှင့် ပတ်သက်၍ တင်ပြချက်များအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။


(သတင်းစဉ်)

No comments

Powered by Blogger.