ကျိုင်းတုံမြို့နယ် လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော် (၂၀၂၃) ကျင်းပမည်

 



ကျိုင်းတုံ ဇန်နဝါရီ ၁၂

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) လွိုင်မွေဒေသ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ချယ်ရီပင်များ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးတို့အတွက် ချယ်ရီပန်းပွဲတော် ၂၀၂၃ ကို ဇန်နဝါရီ ၁၉ ရက်မှ ၂၃ ရက်နေ့အထိ လွိုင်မွေတောင်စခန်း စတုရဋ္ဌသုမင်္ဂလာစေတီတော်အနီး ချယ်ရီပင်တန်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

လက်ရှိ  လွိုင်မွေဒေသသို့ ချယ်ရီပန်းပွင့်ချိန်တွင် ရှမ်းအရှေ့ဒေသရှိ ပြည်သူများ သွားရောက်ကြည့်ရှု ဓာတ်ပုံရိုက်လေ့ရှိပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းဒေသရှိ ချယ်ရီပန်းများ ရေရှည်ထိန်းသိမ်းစောင့် ရှောက်နိုင်ရန်ရည်ရွယ်၍ နှစ်စဉ် ဇန်နဝါရီလအတွင်း ရက်သတ်မှတ်၍ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်နိုင်ရန်နှင့် ခရီးသွားလုပ်ငန်းများ မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပွဲတော်ကာလ ငါးရက်အတွင်း နံနက် ၉ နာရီမှ ၁၁ နာရီအထိ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ ဂုံရှမ်း၊ အာခါ၊ လားဟူ၊၊ လီဆူ၊ လွယ်၊ အားခေ အမျိုးသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ကြောင်း၊ ဒေသထွက်အမှတ်တရ ရိုးရာပစ္စည်း အရောင်းဆိုင်များ၊ ဒေသထွက်ဝိုင်များ၊ အစားအစာများ ရောင်းချပေးခြင်းနှင့် ဒေသထွက်ကုန်များ၊ လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော် စသည့် အကြောင်းအရာကို ပြခန်းများဖြင့် ပြသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ကျိုင်းတုံ) ရုံးမှ သိရသည်။

 

မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ အဆိုပါရာသီတွင် ချယ်ရီပန်းများ ပွင့်ကြသော်လည်း လွိုင်မွေ ချယ်ရီပန်းများ ဒေသကဲ့သို့ ရှားပါးသည်။ အများအပြား အစုလိုက်အပြုံလိုက် ပွင့်သောနေရာ လွိုင်မွေတောင်စခန်း ပင်လယ်ရေမျက်နှာပြင်အထက်သည် ပေ ၅၅၄၂ တွင် တည်ရှိပြီး အထင်ကရ လွိုင်မွေရေကန်၊ နှစ်တစ်ရာ စံအိမ် စသည့် အမှတ်တရ ဓာတ်ပုံရိုက်ကူးသည့် နေရာများ များပြားသည့်အပြင် ဆောင်းရာသီကာလ ချယ်ရီပန်းပွင့်ချိန်တွင် နှစ်စဉ် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် လွိုင်မွေဒေသ၌ နှစ်စဉ် ဆောင်းရာသီကာလအတွင်း တစ်လကြာ ချယ်ရီပန်းများ ပွင့်သည့်အတွက် ချယ်ရီ ပန်းပွဲတော် ကျင်းပနိုင်ရေးဦးစီး လွိုင်မွေဒေသရှိ ကော်မတီမှ ချယ်ရီပန်းပွဲတော် ၂၀၂၃ ဒုတိယအကြိမ် ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)

No comments

Powered by Blogger.