နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယ ဓာတ်ပေါင်းစု စေတီတော်မြတ်ကြီး၏ (၄၃) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ ၁၆
ပြည်ထောင်စုနယ်မြေ၊
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစု စေတီတော်မြတ်ကြီး၏ (၄၃) ကြိမ်မြောက်
အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ဓာတုစယ
ဓါတ်ပေါင်းစုစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်၊ အဘိသန္နဗိမာန်တော်၌
ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်
ဇမ္ဗူသီရိမြို့နယ်၊ မဟာဝိဇိတာရုံ စာသင်တိုက်၏ ဂန္တဝါစက စာချဆရာတော် ဘဒ္ဒန္တကေသရိန္ဒ
အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်၊ ဒုတိယမြို့တော်ဝန်
ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများနှင့် ဌာနမှူးများ၊ အလှူရှင် ဧည့်ပရိသတ်များ
တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် မဟာဝိဇိတာရုံ
စာသင်တိုက်၏ ဂန္တဝါစကစာချဆရာတော် ဘဒ္ဒန္တကေသရိန္ဒ ထံမှ မြို့တော်ဝန် အမှူးပြုသော ဧည့်ပရိသတ်များက
ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သာသနာရေးဆိုင်ရာ
ကိစ္စရပ်များကို လျှောက်ထားပြီး ဆရာတော်၊ သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုးနှင့်
ပရိတ်ရေ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဆရာတော်၊
သံဃာတော်များဦးဆောင်၍ ဧည့်ပရိတ်သတ်များက ပဋ္ဌာန်း ပစ္စယုဒ္ဒေသပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်
ပူဇော်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ
တာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး
အလှည့်ကျ ပဋ္ဌာနဘာဏက သံဃာတော်က မဟာပဋ္ဌာန်း ဒေသနာတော်ကြီးအား စတင်ရွတ်ဖတ် ပူဇော်သည်။
ပဋ္ဌာန်းပူဇော်ပွဲကို ယနေ့မှ ဇန်နဝါရီ (၂၀) ရက်အထိ (၅) ရက်တိုင်တိုင် ရွတ်ဖတ် ပူဇော်သွားမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်
No comments